ဆာကူရာမြေလို့ လူအများကသိထားကြတဲ့ ဂျပန်နိုင်ငံက ယဉ်ကျေးမှုကြွယ်ဝပြီး အရသာရှိတဲ့စားကောင်းသောက်ဖွယ်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ နှစ်သက်ကြတဲ့နိုင်ငံဖြစ်ပါတယ်။ ဖော်ရွေပြီး ယဉ်ကျေးကြတဲ့ ဂျပန်လူမျိုးတွေကြောင့်လည်း အမြဲမပြတ်ခရီးသွားတွေနဲ့ပြည့်နေတဲ့နိုင်ငံတစ်နိုင်ငံလို့ ပြောရင်လည်းမမှားပါဘူး။ အေးချမ်းတဲ့ရာသီဥတုနဲ့အတူ ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ခံစားချင်တဲ့ခရီးသွားတွေအတွက် ဂျပန်နိုင်ငံရဲ့ အထင်ကရမြို့တွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
တိုကျို
ဂျပန်နိုင်ငံရဲ့နှလုံးသားမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့တိုကျိူမှာဆိုရင် လူငယ်တွေအကြိုက်တွေ့စေမယ့် လည်ပတ်စရာနေရာတွေအပြင် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ခေတ်မီနည်းပညာတွေနဲ့ပေါင်းစပ်ထားတဲ့မြို့တော်ဖြစ်ပါတယ်။ တိုကျိုရောက်ပြီဆိုတာနဲ့ ခေတ်ရေစီးကြောင်းအလိုက်ပြောင်းလဲနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဈေးဝယ်လို့ကောင်းတဲ့ နာမည်ကြီး Shibuya, တိုကျိုမြို့ရဲ့လှပတဲ့ရှုခင်းတွေကို အပြည့်အဝခံစားလို့ရတဲ့ Tokyo Sky Tree, ဖျော်ဖြေရေးနေရာတစ်ခုအဖြစ် ကျော်ကြားတဲ့ Shinjuku နဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ကာမာကူရဘုရားတို့က လည်ပတ်လို့ ကောင်းတဲ့နေရာတွေပါပဲ။
အိုဆာကာ
အိုဆာကာလို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတာတော့ အရသာရှိတဲ့အစားအသောက်တွေပါပဲ။ နာမည်ကြီး Takoyaki ရေဘဝဲလုံးကြော်ကတော့ အိုဆာကာရောက်ရင် မစားမဖြစ်ပဲပေါ့။ လည်စရာနေရာတွေကတော့ နာမည်ကြီးအစားအသောက်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်စားသောက်လို့ရတဲ့ Shinsekai, အိုဆာကာရဲ့ အထိမ်းအမှတ်အဆောက်အအုံတစ်ခုဖြစ်တဲ့ အိုဆာကာရဲတိုက်၊ ဗုဒ္ဓဘာသာနဲ့ သမိုင်းကြောင်းကို လေ့လာနိုင်မယ့် Shitennoji ဘုရားကျောင်း၊ ကလေးရောလူကြီးပါ အကြိုက်တွေ့တဲ့လည်ပတ်စရာနေရာတစ်ခုဖြစ်တဲ့ Universal Studios Japan တို့လိုလည်ပတ်စရာစုံလင်တဲ့ အိုဆာကာမြို့ကို ဂျပန်ရောက်ရင်လည်ခဲ့ဖို့မမေ့နဲ့နော်။
ဖူကူအိုကာ
ဂျပန်နိုင်ငံ ကျူးရှူးကျွန်းရဲ့အစည်ကားဆုံးမြို့ဖြစ်တဲ့ ဖူကူအိုကာမြို့ကတော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သဘာဝအလှတရားတွေကြောင့် နာမည်ကြီးပါတယ်။ ၂၃၄မီတာ မြင့်တဲ့ Fukuoka Tower မှာ နေဝင်ချိန်ညဘက်ရှုခင်းတွေခံစားမလား၊ လျောင်းတော်မူဗုဒ္ဓရုပ်ပွါးတော်ရှိတဲ့ Nanzoin Temple ကို သွားမလား၊ ဒါမှမဟုတ် ပင်လယ်ကမ်းခြေအလှကို ခံစားနိုင်တဲ့ Itoshima Peninsula မှာပဲအနားယူမလား။ အေးအေးဆေးဆေး အပန်းဖြေချင်တဲ့သူတွေအတွက်တော့ ဖူကူအိုကာက အသင့်ကြိုဆိုနေမှာပါ။
နာဂိုရာ
ဂျပန်နိုင်ငံရဲ့ အဓိကဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ နာဂိုရာမြို့မှာဆိုရင်တော့ ဒီအချက်တွေကြောင့် နာမည်ကြီးလှပါတယ်။
နိုင်ငံအတွင်းက အကြီးဆုံးရဲတိုက်တွေထဲက တစ်ခုဖြစ်တဲ့ နာဂိုရာရဲတိုက်၊ အလှဆုံးဆောင်းဦးရာသီရှုခင်းလို့နာမည်ကြီးတဲ့ Korankei Valley, အရသာရှိတဲ့ နာဂိုရာစတိုင်လ် ငါးရှဉ့်ထမင်းပေါင်းဖြစ်တဲ့ Hitsumabushi နဲ့ Miso Sauce နဲ့တွဲစားရတဲ့ Misokatsu တွေကတော့ မြို့ရဲ့ အထင်ကရပါပဲ။ ခေတ်မီဆန်းသစ်မှုတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေပေါင်းစပ်ထားတဲ့ နာဂိုရာ မြို့ကတော့ နောင်တမရစေမယ့် ခရီးသွားအတွေ့အကြုံတွေပေးစွမ်းနိုင်တာမို့ ဂျပန်ရောက်ရင်လည်ပတ်သင့်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။