မော်ရင်ဟိုကတော့ ဂျူဗင်တပ်စ်ကို ရမှတ်ပြန်လျှော့လိုက်တာနဲ့ပတ်သက်ပြီး စီးရီးအေရဲ့ ဆုံးဖြတ်ချက်က ရယ်စရာကောင်းလွန်းနေပြီလို့ လှောင်ပြောင်သွားခဲ့ပါတယ်။ ဂျူဗီဟာ အစောပိုင်းက ၁၅ မှတ်အလျှော့ခံခဲ့ရပြီးမှ ပြန်လည်ပယ်ဖျက်ခံခဲ့ရကာ အခုအခါမှာ ၁၀ မှတ် ပြန်လျှော့ခံလိက်ရတာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဂျူဗီဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရရှိထားရာကနေ အဆင့် ၇ နေရာကို ရောက်သွားခဲ့ရပြီဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့ ရိုးမားကတော့ ဆလာနီတာနာနဲ့ ၂ဂိုးစီသရေကျခဲ့ပြီး ရမှတ် ၆၀ နဲ့ အဆင့် ၆ နေရာမှာ ရှိနေကာ ယူရိုပါလိဂ်ဝင်ခွင့်နေရာရဖို့တော့ အခွင့်အရေးရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ဂျူဗီကို အမှတ်လျှော့ထားတာကို ပြန်လည်ပယ်ဖျက်ခဲ့ပြီးနောက် ရိုးမားက ယူရိုပါလိဂ်ကိုသာ အာရုံစိုက်ခဲ့ပြီး စီးရီးအေမှာ အပြောင်းအလဲတွေလုပ်ခဲ့ကာ ယှဉ်ပြိုင်နေခဲ့ပြီး အခုလို အမှတ်လျှော့မယ်ဆိုတာ စောစောသိမယ်ဆိုရင် တခြားနည်းလမ်းနဲ့ ချဉ်းကပ်လို့ရခဲ့မယ်လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။
"၂ပွဲကစားဖို့ ကျန်နေသေးပြီးတော့ အခုတော့ အမှတ်လျှော့တာကြီးက ဂျူဗီအတွက်တောင်မှ ရယ်ချင်စရာဖြစ်နေပါတယ်၊ ကျနော်တို့အတွက်ရော၊ အားလုံးအတွက်ပါ ဒါက ဟာသပဲဗျာ၊ မွန်ဇာ ၊ ဘိုလော့ဂ်နာတို့နဲ့ ကစားခဲ့တဲ့ ပွဲတွေမတိုင်ခင်ကတည်းက ဒီလိုလုပ်မယ်ဆိုတာကို သိခဲ့ရင် ကျနော် တခြားနည်းနဲ့ ဒီပွဲတွေကို ချဉ်းကပ်ခဲ့မှာပါ၊ အယ်လီဂရီနဲ့ သူ့ကစားသမားတွေအတွက်တော့ ကျနော်စိတ်မကောင်းပါဘူး"
"ဒါပေမယ့် လိဂ်ရဲ့ အဆင့်အတန်းကတော့ နည်းနည်းပြောင်းလဲသွားပြီလို့ ကျနော်ပြောရပါမယ်" လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။ ရိုးမားဟာ အဆင့် ၄ နေရာက အေစီမီလန်နဲ့ ၄ မှတ်ကွာဟနေပြီး တကယ်လို့သာ မွန်ဇာ၊ ဘိုလော့ဂ်နာတို့နဲ့ ပွဲတွေမှာသာ သူတို့တွေ အာရုံစိုက်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့မှာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအချိန်တုန်းက ဂျူဗီက ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ရရှိထားတာကြောင့် ရိုးမားက ယူရိုပါလိဂ်ကိုသာ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး စီးရီးအေက ဂျူဗီကို အမှတ်လျှော့လိုက်၊ ပယ်ဖျက်လိုက်၊ ပြန်လျှော့လိုက်လုပ်နေခဲ့လို့ တခြားအသင်းတွေလည်း အခက်တွေ့နေရတယ်လို့ မော်ရင်ဟိုက ပြောဆိုခဲ့ဟန်လည်းရှိပါတယ်။