ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် မက်ဆီဟာ ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအဝေးကွင်းပွဲမှာ ပီအက်စ်ဂျီက ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမ်ဘာပေရဲ့ ဦးဆောင်ဂိုးအတွက်လည်း မက်ဆီက ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် တဖက်မှာ ဘင်ဖီကာက မက္ကာဘီဟိုင်ဖာကို အဝေးကွင်းမှာ ၁-၆ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီတို့ ဘင်ဖီကာနဲ့ ရမှတ်တူ အနေအထားမှာ အုပ်စု ဒုတိယသာရရှိခဲ့ပြီး လာမယ့် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲမှာ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ပရိသတ်တွေကလည်း ဂျူဗင်တပ်စ်နဲ့ပွဲမှာ မက်ဆီ တပွဲလုံး ခြေမပေါ်ခဲ့တဲ့အပေါ် ပြစ်တင်ဝေဖန်နေပါတယ်။
ဒီပွဲမှာ နေမာက ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ ပီအက်စ်ဂျီတိုက်စစ်ကို မက်ဆီနဲ့ အမ်ဘာပေတို့နှစ်ယောက်က ဦးဆောင်လာခဲ့တာပါ။ ဒါ့အပြင် မက်ဆီဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ (၄) ဂိုးသွင်း၊ (၄) ဂိုးဖန်တီးပေးထားနိုင်တဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်နဲ့ပွဲအပြီးမှာ ပရိသတ်တွေက “မက်ဆီက လယ်သမားအသင်းလေးတွေနဲ့ တွေ့မှပဲ ခြေစွမ်းပြနိုင်ပြီး အသင်းကြီးတွေနဲ့ဆိုရင် ပျောက်နေပါပြီ”
“မက်ဆီကို GOAT လို့ ခေါ်နေတဲ့သူတွေက လူလိမ်တွေချည်းပါပဲ” “မက်ဆီက ဒီနေ့မှာ တပွဲလုံး ပျောက်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းကြီးနဲ့ ရင်ဆိုင်နေရလို့ပါ” “မက်ဆီနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာရှိပါတယ်။ သူက နောက်ထပ်ပွဲကြီးတပွဲမှာ ပျောက်နေခဲ့ပြန်ပါပြီ။ အသင်းသေးလေးတွေနဲ့ တွေ့တဲ့ပွဲက အချက်အလက်တွေနဲ့ပဲ မလုံလောက်ပါဘူး”
“မက်ဆီအတွက် ဘယ်အချိန်မှာ ပြဿနာရှိလာပြီလဲဆိုရင် ပြိုင်ပွဲကြီးအချက်အလက်တွေနဲ့ ပတ်သက်လို့ သူ့ကိုနှိုင်းယှဥ်ပြီဆိုရင် ပြဿနာရှိလာပါပြီ။ အထူးသဖြင့် ရော်နယ်ဒိုနဲ့ပေါ့” လို့ ဝေဖန်ပြောကြားခဲ့ကြပါတယ်။ မက်ဆီအနေနဲ့ ဂျူဗင်တပ်စ်ကိုနိုင်ခဲ့တဲ့ပွဲမှာ ပုံစံကောင်းပျောက်ခဲ့တာမှန်ပေမယ့် သူ့အပေါ် ဝေဖန်မှုတွေက ပြင်းထန်လွန်းပြီး ဒါဟာ ပီအက်စ်ဂျီတို့ အုပ်စုဒုတိယသာရရှိခဲ့တဲ့ အကျိုးဆက်ကြောင့်လို့လည်း ယူဆရပါတယ်။