ဂျူဗင်တပ်စ်ကစားသမားသစ် ပေါလ်ပေါ့ဂ်ဘာာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေချိန်အတွင်း ဒူးခေါင်းဒဏ်ရာရရှိသွားခဲ့လို့ ဒဲလ်လက်စ်မှာ သွားကစားရမယ့် ခြေစမ်းပွဲကို လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ဒူးခေါင်းအတွင်းပိုင်းက အရိုးနုကို ထိခိုက်မိတယ်လို့ သိရပြီး ယူနိုက်တက်ကွင်းလယ်လူဟောင်းဟာ အသင်းနဲ့အတူ လိုက်ပါနိုင်ခြင်းမရှိတော့ဘူးလို့လည်း Football Italia က ဖော်ပြခဲ့ပါတယ်။
ဂျူဗီကို ရောက်ရှိပြီး ၂ ပတ်အကြာမှာပဲ ပေါ့ဂ်ဘာက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ အထူးကုဆရာဝန်နဲ့ပြသကာ ခွဲစိတ်ဖို့လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို စစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ပေါ့ဂ်ဘာက အရမ်းကြီးသက်တောင့်သက်သာမရှိတဲ့ပုံစံမျိုးကိုမပြသခဲ့ပေမယ့် ဒဏ်ရာကို Scan ဖတ်စစ်ဆေးရာမှာတော့ ပျက်စီးမှုရှိနေခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ "သူ့ရဲ့ ညာဘက်ဒူးမှာ နာကျင်မှုခံစားခဲ့ရပြီးနောက် ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အခါမှာ ညာဒူးခေါင်းအတွင်းပိုင်းကို ထိခိုက်ခဲ့တာကို သိခဲ့ရပါတယ်၊ နောက်ထပ်နာရီအနည်းငယ်အကြာမှာ အထူးကုဆရာဝန်နဲ့တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးပါမယ်" လို့ ဆိုပါတယ်။
ခွဲစိတ်မှုမလိုအပ်ဘူးဆိုရင် အဲဒီလိုဒဏ်ရာမျိုးအတွက် ပုံမှန်အားဖြင့် ၂ပတ်ကနေ ၃ ပတ်ခန့် အနားယူရမှာဖြစ်ပြီး ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ကာ ၁ လခန့်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကနေ အသင်းဟောင်းဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဒုတိယအကြိမ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ချိန်မှာ အသင်းဘက်ကို ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အမြင်မကြည်လင်မှုနဲ့ ရင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အခုအခါမှာတော့ ပေါ့ဂ်ဘာက အသင်းသစ်နဲ့အတူ ခြေစွမ်းပြဖို့ မျှော်လင့်ထားခဲ့ပေမယ့် ဒဏ်ရာပြသနာကို စောစောစီးစီးင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။