အင်စတာဂရမ်မှာ ရော်နယ်ဒိုက သူ့ရဲ့သားဖြစ်သူနဲ့အတူ လေ့ကျင့်နေတဲ့ ဓာတ်ပုံကို တင်ထားခဲ့ပြီး "လက်ရှိနဲ့အနာဂတ်" လို့ ရေးသားခဲ့ပါတယ်။ အဆိုပါဓာတ်ပုံမှာတော့ သူ့ရဲ့သား ဂျူနီယာရော်နယ်ဒိုဟာ ယူနိုက်တက်လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး ဖခင်နဲ့အတူ လေ့ကျင့်နေကာ ရော်နယ်ဒိုက သားဖြစ်သူကို ပွေ့ဖက်နမ်းရှုံ့နေတဲ့ ပုံတပုံလည်းပါဝင်ခဲ့ပါတယ်။
ဖခင်ဖြစ်သူရော်နယ်ဒိုက အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာမှုနဲ့အတူ ဂျူနီယာကတော့ ယူနိုက်တက်အကယ်ဒမီမှာ တက်ရောက်နေပြီဖြစ်ပါတယ်။ ရီးရဲလ်လူငယ်အသင်းနဲ့ ဂျူဗင်တပ်စ်လူငယ်အသင်းတွေမှာ ခြေစွမ်းပြခဲ့တဲ့ ဂျူနီယာအတွက်လည်း ၃ ခုမြောက်အကယ်ဒမီဖြစ်လာခဲ့ပြီး သူ့အပေါ် ယူနိုက်တက်ပရိသတ်တွေက တော်တော်လေးမျှော်လင့်နေကြပါတယ်။
ရော်နယ်ဒိုရဲ့ ဓာတ်ပုံဖော်ပြမှုအောက်မှာ ယူနိုက်တက်ပရိသတ်တွေက အနာဂတ်မှာ အသင်းအတွက် အောင်မြင်မှုတွေရယူပေးနိုင်မယ့်သူလို့ မှတ်ချက်တွေပြုခဲ့ကြပါတယ်။ ပရိသတ်တွေဟာ စိတ်လှုပ်ရှားဟန်ရှိနေပြီး ဖခင်ဖြစ်သူရဲ့ခြေရာကို လိုက်နင်းနိုင်ဖို့အထိပါ မျှော်လင့်နေကြပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။
ပရိသတ်တဦးက "၂၀၂၃၀ မှာ ယူနိုက်တက်ကို ဆုဖလားသုံးလုံးရယူပေးနိုင်မယ့်သူ" လို့ ပြောဆိုခဲ့ပြီး နောက်တဦးကတော့ "G.O.A.T နှစ်ဦး" လို့တောင် တင်စားခဲ့ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း သားဖြစ်သူကို အနာဂတ်မှာ နာမည်ကျော်ကစားသမားတဦးဖြစ်လာစေဖို့ မျှော်လင့်နေတယ်လို့ ယူဆရပြီး သူနဲ့အတူ လေ့ကျင့်မှုတွေ၊ သင်ကြားမှုတွေ မကြာခဏပြုလုပ်နေခဲ့တာဖြစ်ပါတယ်။