လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က သူ့အနေနဲ့ မန်စီးတီး-ဗီလာပွဲမတိုင်ခင်အထိကို စတီဗင်ဂျရတ်နဲ့ ဘာအဆက်အသွယ်မှလုပ်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအချိန်ထိတော့ သူ့အသင်းအမှတ်ပေးဖလားရယူနိုင်မယ့် မျှော်လင့်ချက်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့လည်း ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။
ဆောက်သမ်တန်ကို မနေ့က လီဗာပူးလ်က အနိုင်ကစားအပြီးမှာ မန်စိးတိးနဲ့ ရမှတ်၁ မှတ်သာကွာဟတော့ပြီး လက်ကျန်ပွဲက တပွဲသာကစားဖို့ရှိတော့တာဖြစ်ပါတယ်။ လီဗာပူးလ်က ၀ုလ်ဗ်နဲ့ကစားရမှာဖြစ်ပြီး မန်စီးတီးက ဗီလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗီလာနည်းပြအဖြစ် အသင်းဂန္ထဝင်ကစားသမာဟောင်း ဂျရတ်က ကိုင်တွယ်နေတာဖြစ်လို့လည်း ပရိသတ်တချို့က ဂျရတ်က မန်စီးတီးဆီက တမှတ်ရအောင် ကစားပေးဖို့ မျှော်လင့်နေကြပါတယ်။
ဂျရတ်နဲ့ ဆက်သွယ်မှုတွေရှိလားဆိုတဲ့မေးခွန်းကို ကလော့ပ်က "မရှိပါဘူး၊ ဘာကြောင့်ရှိရမှာလဲ၊ စတီဗ်က အခုဆိုရင် ဘန်လေနဲ့ပွဲအတွက် ပြင်ဆင်နေမှာပါ (ဗီလာရဲ့ လက်ကျန်တပွဲ)၊ ဘန်လေက တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေရတဲ့အသင်းလေ၊ ပြီးတော့ ဗီလာရဲ့ ဒီရာသီအိမ်ကွင်းနောက်ဆုံးပွဲပါ၊ သူတို့က ဒီပွဲကိုကစားပြီးတော့ တနင်္ဂနွေနေ့ပွဲကို သွားမှာပါ၊ သူနဲ့ စကားပြောဖို့ အကြောင်းရင်းလည်းမရှိပါဘူး"
"ဗီလာက ဗီလာအတွက် အနိုင်ကစားမယ်ဆိုတာကို ကျနော်တို့ သိပါတယ်၊ ဒါပါပဲ၊ မန်စီးတီးကလည်း ဒီပွဲကိုအနိုင်ရသွားနိုင်တာပဲ။ ဒါပေမယ့်လည်း ကျနော်တို့ ကိုယ့်ပွဲကိုယ်တော့ အနိုင်ရအောင်ကစားရမှာပဲ။ ၀ုလ်ဗ်အကြောင်း ကျနော်တို့ပြောနေမှာမဟုတ်ဘူး၊ ရာနှုန်းပြည့်ဂရုစိုက်သွားမှာပါ၊ တကယ်လို့ ကျနော်တို့ ချန်ပီယံဖြစ်လာတယ်ဆိုရင်လည်း ဒါက ထိုက်တန်လို့ပါ၊ ဒါပေမယ့် ကျနော်တို့ အနိုင်ရဖို့တော့ လိုအပ်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဂျရတ်ဟာ လီဗာပူးလ်ကစားသမားဟောင်းဖြစ်တာကြောင့် အသင်းဟောင်းကို တဖက်တလမ်းကနေ ကူညီပေးနိုင်ဖို့ လီဗာပူးလ်ပရိသတ်တွေက မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။