ပရီးမီးယားလိဂ်ရဲ့ နိမ့်မြင့်တက်ကျတွေက ရာသီကုန်နောက်ဆုံးအချိန်ထိကို ဆွဲခေါ်နိုင်ခဲ့ပါတယ်။ တဖက်မှာ ပွဲစလို့မှ (၂) မိနစ်မကျော်သေးခင် လီဗာပူးက ဝုလ်ဗ်ကို ရှုံးနေပြီး ဒါဟာ မန်စီးတီးအတွက် သေချာသွားပြီလို့ အားလုံးက တွက်ဆခဲ့ကြပါတယ်။ ဒါပေမယ့် ထင်တဲ့အတိုင်း မဖြစ်လာခဲ့ပြန်ပါဘူး။
မာနေးက လီဗာပူးအတွက် ချေပဂိုးသွင်းလိုက်တယ်၊ အဲ့ဒီနောက်မှာပဲ ဂျရတ်ရဲ့ ဗီလာက အဝေးကွင်းမှာ မန်စီးတီးကို ဦးဆောင်ဂိုး သွင်းလိုက်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မန်စီးတီးက စိတ်ပိုင်းဆိုင်ရာအရ အောက်ရောက်သွားခဲ့ပြီး ချန်ပီယံဆုက လီဗာပူးဆီ ရောက်ပြီလို့ အားလုံးက အပိုင်ပြန်တွက်ခဲ့ကြပါတယ်။
မန်စီးတီးကတော့ ဖိရင်း၊ ဖိရင်းနဲ့ပဲ ဂိုးမရဘဲ ပေးရမလိုလိုဖြစ်နေတဲ့ အနေအထားမျိုးကနေ နောက်ဆုံးမှာ မတ်ကက်ချ်က ဗီလာအတွက် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကတော့ ရုန်းလေနစ်လေဖြစ်ပြီး ဖိရင်းဖိရင်းနဲ့ ဒုက္ခရောက်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ကော်တင်ဟိုရဲ့ ဂိုးကိုပါ ထပ်ပြီး ခွင့်ပြုလိုက်ရပြီး မန်စီးတီးတို့ ချန်ပီယံမျှော်လင့်ချက် လုံးဝကို စွန့်လွှတ်ရပြီလို့ အားလုံးက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဂွန်ဒိုဂန်ကို လူစားလဲလိုက်တာကဆင့် အရာရာက လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။
ပွဲကစားချိန် (၆၈) မိနစ်မှာ လူစားဝင်လာတဲ့ ဂွန်ဒိုဂန်က (၇၆) မိနစ်မှာ ချေပဂိုးတဂိုး စသွင်းနိုင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ (၅) မိနစ်အတွင်း နောက်ထပ် နှစ်ဂိုးထပ်ရခဲ့ပါတယ်။ ဇင်ချန်ကိုရဲ့ ဖန်တီးမှုကတဆင့် ရိုဒရီက နှစ်ဂိုးစီ သရေဖြစ်စေခဲ့ပါတယ်။
နောက် (၃) မိနစ်အကြာမှာ ဂွန်ဒိုဂန်ကပဲ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် တဖက်မှာ ဆာလာက လီဗာပူးအတွက် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် ချန်ပီယံဆုကတော့ မန်စီးတီးလက်ထဲပဲ ရောက်သွားခဲ့ပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်ကတော့ မန်စီးတီးတို့ ကျူပီအာကို အဂွေရိုရဲ့ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့တဲ့ နှစ်ကို ပြန်လည်အမှတ်ရစေခဲ့ပြီး တကယ်ကို နောက်ဆုံးအချိန်ထိ မျက်တောင်တချက်မခတ်နိုင်ပဲ ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။