လိုက်ပ်ဇစ်ကနေ လီဗာပူးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဒိုမီနစ်ခ် ဆိုဘော့စ်ဇလိုင်းက အသင်းသစ်မှာ ကျောနံပါတ် (၈) ရယူခဲ့တာနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ ဟန်ဂေရီလက်ရွေးစင် ကစားသမားအတွက် လီဗာပူးတို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) ပေးချေခဲ့ရတာပါ။
ကစားသမားကိုယ်တိုင်က ငယ်စဥ်ကတည်းက ဂျရတ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုတွေမှာ အခက်အခဲမရှိခဲ့ဘဲ လျင်လျင်မြန်မြန်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ နယူးကာဆယ်ကလည်း စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးကသာ အမှန်တကယ် ကြိုးစားခဲ့ပြီး အခုလိုမျိုးပဲ ခေါ်ယူနိုင်ခဲ့တာပါ။
ဆိုဘော့စ်ဇလိုင်းဟာ လီဗာပူးမှာ ကျောနံပါတ် (၈) ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဒီကျောနံပါတ်က အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူ ဂျရတ်ရဲ့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်လည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဆိုဘော့စ်ဇလိုင်းက “ကျွန်တော့်မှာ ဂျရတ်ရဲ့ တက်တူးလည်းရှိတော့ ကျောနံပါတ် (၈) ကို ဝတ်ဆင်သွားမှာပါ။ ကျွန်တော် ငယ်ငယ်က အရိုးသားဆုံးပြောရရင် ဘောလုံးပွဲတွေ အများကြီး မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်ပွဲတွေ၊ အသင်းကြီးပွဲတွေ၊ ကစားသမားကောင်းတွေရဲ့ ပွဲတွေကိုတော့ ကြည့်ဖြစ်တာပေါ့”
“ဂျရတ်ကလည်း ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။ ကလော့ပ်ကလည်း ကျွန်တော့်ကို ခေါ်ခဲ့ပြီး ဒါက မှန်ပါတယ်။ ကျွန်တော်ကလည်း အိုကေတယ်လို့ ပြောခဲ့ပြီး အရမ်းကိုကောင်းတဲ့အရာတွေ ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်က သမိုင်းဝင်တဲ့ ထိပ်တန်းအသင်းတစ်သင်းကို ရောက်ရှိလာခဲ့တာပါ”
“ကျွန်တော် အရမ်းကို ပျော်ရွှင်နေပါတယ်။ နောက်ဆုံး သုံးလေးရက်လောက်က တကယ်ရှည်လျားခဲ့ပြီး ထင်သလောက် မလွယ်ကူပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော် လီဗာပူးကို ရောက်လာခဲ့ပါပြီ။ လီဗာပူး ပရိသတ်တွေကို ပြောချင်တာက သူတို့ကို အန်ဖီးလ်မှာတွေ့ဖို့၊ အသင်းအတွက် ကစားခွင့်ရဖို့ မစောင့်နိုင်တော့ဘူးဆိုတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။