လေ့ကျင့်ခန်းအလွန်အကျူးလုပ်မိတဲ့အခါ ကြွက်သား၊ အဆစ်အမြစ်တွေမတော်တဆထိခိုက်သွားတတ်ပါတယ်။

လေ့ကျင့်ခန်းစလုပ်ခါစ (ဒါမှမဟုတ်) အလေးတိုးတဲ့အခါ ကြွက်သားနာကျင်မှုတွေ ဖြစ်တတ်တာ သဘာဝပါ။ ဒါပေမဲ့ မလှုပ်ရှားနိုင်လောက်အောင် နာကျင်မှုတွေနဲ့ အဆစ်တွေ အရွက်တွေ ထိခိုက်နာကျင်တဲ့အထိ မဖြစ်ရလေအောင် ဒီအချက်တွေကို မဖြစ်မနေ သိရှိထားသင့်ပါတယ်။



ကြွက်သားနာကျင်မှုက ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်သလဲ

တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးဘူး။ အခုမှစလုပ်မယ် ၊ ဒါမှမဟုတ် အကြာကြီးနားထားပြီးမှ လေ့ကျင့်ခန်းပြန်လုပ်မယ်ဆိုရင် ကြွက်သားနာကျင်တာမျိုး ကြုံရတတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ကိုယ်နေဟန်ထားမှားပြီး အလေးဝန်များတာကို မတဲ့အခါမှာ ကြွက်သားအဆစ်အမြစ်အရွတ်တွေ ပြဲသွားတာ ‌ယောင်ရမ်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်း အလွန်အကျူးလုပ်မိတဲ့အခါ ကြွက်သားတွေ ၊ အဆစ်အမြစ်တွေ မတော်တဆထိခိုက်သွားတတ်ပါတယ်။ 

နာကျင်မှုခံစားရရင် ဆက်ဆော့ရမလား၊ ရပ်ထားရမလား

ဘယ်လောက်နာကျင်မှုရှိနေလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လုံးဝကြီး မလှုပ်နိုင်အောင် နာကျင်နေတာလား ဒါမှမဟုတ် နည်းနည်းလေးလှုပ်နိုင်သေးလား ဆိုတာကြည့်ပါ။ ကြွက်သားနာကျင်မှုက လေ့ကျင့်ခန်းပြန်လုပ်မှ သွေးလည်ပတ်မှုတွေ ကောင်းသွားပြီး နာကျင်နေတဲ့ နေရာတွေကို ရှင်းထုတ်လိုက်သလို အမြန်ဆုံးသက်သာနိုင်ပါတယ်။ ဒါပေမဲ့ ကြွက်သားနာကျင်တာမျိုး မဟုတ်ဘဲနဲ့ အဆစ်တွေ အရွတ်တွေ ထိခိုက်နာကျင်တာမျိုးဆိုလို့ရှိရင်တော့ အနားယူရပါမယ်။ 

လောဘစိတ်နဲ့ လေ့ကျင့်ခန်း အပြင်းအထန်မလုပ်သင့်

မိန်းက‌လေးတွေ တော်တော်များများက ပွဲနီးပြီဆိုရင် ရေးကြီးသုတ်ပြာ ဝိတ်ချတတ်ကြပါတယ်။ ပိန်ချင်ဇောနဲ့ လေ့ကျင့်ခန်းတွေကို အချိန် နှစ်နာရီလောက် အပြင်းအထန် လုပ်လိုက်တယ်။ လုပ်နေကျမဟုတ်ဘဲ အခုမှ စပြီးလုပ်လိုက်တယ်။ ဒါမှမဟုတ်ရင် တင်ပါးလေးလှနေအောင်ဆိုပြီးတော့ အလေးဝန်အများကြီးထည့်ပြီးတော့ Squad တွေ ထိုင်လိုက်တယ်ယ်။ အဲဒါမျိုးဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေက အလေးဝန်ကို အရင်တည်းက လေ့ကျင့်ထားတာမဟုတ်ပါဘူး။ သေသေချာချာ လေ့ကျင့်ထားတာမဟုတ်တဲ့အတွက်ကြောင့် ဒဏ်မခံနိုင်ပါဘူး။ အလေးဝန်အားတွေ အကုန်လုံးက ခါအအဆစ်တွေကို ရောက်သွားပြီး ဘေးမှာ ရှိတဲ့ အရွတ်တွေပေါ် ရောက်သွားပြီးတော့ အရွတ်တွေ ပြဲတာ ၊ ခါးရိုးဆစ်ကျွံသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ကြွက်သား နာကျင်မှုသက်သာစေတဲ့ နည်းလမ်းများ

လေ့ကျင့်ခန်းလုပ်ပြီး နောက်နေ့ နာနေမှာကြောက်တယ်ဆိုရင်

  •    လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ အကြော သေချာလျှော့ပါ
  •    ရေနွေးနွေးနဲ့ ရေချိုးပါ။
  •    နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ လိမ်းဆေး လိမ်းပေးပါ။
  •     နောက်တစ်နေ့မှာ နာကျင်နေတယ်ဆိုရင် အနာကျင်ဆုံးနေရာကို ရေခဲကပ်ပေးပါ။
  •    နာကျင်နေတဲ့နေရာကို အသာအယာ နှိပ်နယ်မှုပေးပါ။

ဒီလိုမျိုး သေသေချာချာပြုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေမှာဖြစ်ပါတယ်။ 

အကိုက်အခဲပျောက်ဆေး အလွန်အကျွံမသောက်ပါနဲ့

ကြွက်သားနာကျင်လို့ အကိုက်အခဲပျောက်ဆေးသောက်တာက အလွန်အကျွံဆိုရင်တော့ အစာအိမ်ရောဂါဖြစ်စေနိုင်တယ်။ အစာအိမ်သွေးကြောပေါက်တာ‌‌တွေဖြစ်နိုင်တယ်။ အဲဒီအတွက်ကြောင့်မို့ အရမ်းမသောက်ပါနဲ့ ။ သောက်မယ်ဆိုရင်လည်း အစာနဲ့ တွဲပြီးသောက်ပါလို့ အကြံပေးချင်ပါတယ်။


ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များကို ပန်းလှိုင်ဆေးရုံမှ လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာဆရာဝန် ဒေါက်တာအိသက်ငြိမ်း ဝေမျှပေးထားခြင်းဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က