တရုတ်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနဟာ ဂြိုလ်သားအဖွဲ့အစည်းတွေဆီက အချက်ပြမှုတွေကို ထောက်လှမ်းနိုင်တဲ့ တယ်လီစကုပ်ကြီးတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ စွမ်းအားကောင်းတဲ့ ဧရာမ Sky Eye တယ်လီစကုပ်ကြီးနဲ့ တခြားဂြိုလ်က ဂြိုလ်သားအဖွဲ့အစည်းတွေဆီကနေ အချက်ပြမှုတွေကို ခြေရာခံနိုင်ဖို့ ရှိတယ်ဆိုပြီး တရုတ်နိုင်ငံသိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက တရားဝင်ထုတ်ဝေတဲ့ Science And Technology Daily နေ့စဉ်သတင်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။
ဇွန်လ ၁၄ ရက်နေ့က Science and Technology Daily သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်အရ Beijing Normal University က နက္ခတ္တပညာရှင်တွေဟာ "ကမ္ဘာအပြင်ဘက် ဂြိုလ်သားအဖွဲ့အစည်းတွေနဲ့ နည်းပညာဆိုင်ရာ ဆက်သွယ်မှုစနစ်ခြေရာခံနိုင်ခြေ အမြောက်အများကို တွေ့ရှိခဲ့တယ်" ဆိုပြီး ဖော်ပြခဲ့တာပါ။
အာကာသပြင်ပအချက်ပြမှုတွေကို တရုတ်နိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကြီးနဲ့ ဖမ်းယူခဲ့တာလို့ ဆိုပါတယ်။ Sky Eye လို့ နာမည်ပြောင် ပေးထားတဲ့ ဒီတယ်လီစကုပ်ကို မီတာ၅၀၀ အပါချာစက်လုံးပုံ ရေဒီယိုတယ်လီစကုပ် (FAST) လို့လည်း ခေါ်ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂူကျိုးခရိုင်မှာ ရှိတဲ့ အာကာသစောင့်ကြည့်ရေးစင်တာကနေ ဖမ်းယူနိုင်ခဲ့တာပါ။
တရုတ်ရဲ့ ထိပ်တန်း ဂြိုလ်သားမုဆိုးလို့ ခေါ်ကြတဲ့ ထိပ်တန်း နက္ခတ္တပညာရှင် ဇောင် တွန်ဂျီးလ်က FAST ဟာ အရင်ကနဲ့ မတူတဲ့ ကြိမ်နှုန်းကျဉ်း လျှပ်စစ်သံလိုက်အချက်ပြလှိုင်းအမြောက်အများကို ရှာဖွေနိုင်ခဲ့တယ်လို့ သတင်းစာမှာ ရေးထားပါတယ်။ ဒီအချက်ပြတွေဟာ ဝေးကွာလှတဲ့ ဂြိုလ်သားအဖွဲ့အစည်းတွေဆီက ဖြစ်နိုင်သလို ရေဒီယိုကြားဖြတ်နှောင့်ယှက်မှုတွေလည်း ဖြစ်နိုင်တယ်လို့ ပါမောက္ခ တွန်ဂျီးလ်က ပြောပါတယ်။
ဘယ်နေရာကနေ ဒီအချက်ပြတွေ လာနေသလဲနဲ့ သူတို့က ဘာတွေလဲဆိုတာကို အတိအကျသိရဖို့တော့ နောက်ထပ် လေ့လာမှုတွေထပ်လုပ်ရမှာ ဖြစ်ပါတယ်။ Sky Eye နက္ခတ်စောင့်ကြည့်လေ့လာရေး တယ်လီစကုပ်ကြီးကို ၂၀၁၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၁၇၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာပါ။ ဒီနက္ခတ်စောင့်ကြည့်ရေးစင်တာကို Beijing Normal University နဲ့ University Of California ဘာကလေက သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြင်ပဂြိုလ်ဘဝတွေအကြောင်း ရှာဖွေလေ့လာရေး လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အချိန်အထိ သုတေသီတွေဟာ ကမ္ဘာပြင်ပဂြိုလ်တွေဆီက အချက်ပြမှုနှစ်စုံကို ၂၀၁၉ နဲ့ ဒီနှစ်ထဲမှာ ထောက်လှမ်းတွေ့ရှိနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တရုတ်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနထုတ် The Science and Technology Daily ပါ ဒီသတင်းဟာ မကြာသေးခင်ကပဲ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားခံထားရတယ်လို့လည်း သိရပါတယ်။