Pro မော်ဒယ်တွေဟာ ထူးခြားတဲ့ Feature နဲ့ ထွက်လာခဲ့တာပါ

Apple ရဲ့ ၂၀၂၂ အတွက် အထင်ကရထုတ်ကုန်ဖြစ်တဲ့ iPhone မိတ်ဆက်ပွဲမှာ အထူးခြားဆုံးက ဈေးမတက်တာပဲ ဖြစ်ပါတယ်။ 

သတင်းအချက်အလက်အများစုက ပေါက်ကြားခဲ့တဲ့အတိုင်းပဲ iPhone သစ်တွေ မော်ဒယ် ၄ မျိုးနဲ့ လာသွားပါတယ်။ iPhone 14 ၊ iPhone 14 Plus ၊ iPhone 14 Pro နဲ့ iPhone 14 Pro Max ဆိုပြီး ဖြစ်ပါတယ်။ Screen Size ၆.၁ လက်မနဲ့ ၆.၇ လက်မဆိုပြီး နှစ်မျိုးလာပါတယ်။ Pro မဟုတ်တဲ့ မော်ဒယ်တွေကတော့ အရင်ပုံစံဒီဇိုင်း နဲ့ အရင် Processor နဲ့ပဲ လာပါတယ်။ Pro တွေမှာ notch အစား Dynamic Island နာမည်နဲ့ ဆေးတောင့်ပုံ ကင်မရာ Cutout ကို သုံးလာပါတယ်။ notch ထက် ကင်မရာခွင် ၃၀% ပိုသေးပြီး ဖုန်းရဲ့ အဓိကအချက်အလက်တွေ ဖော်ပြနိုင်တယ်လို့ ဆိုပါတယ်။ 




အထဲမှာ Proximity Sensor ပါရှိပါတယ်။ Pro နဲ့ Pro Max က ၆.၁ လက်မနဲ့ ၆.၇ လက်စီ ရှိပါတယ်။ HDR Content အတွက် အမြင့်ဆုံး တောက်ပမှု 2000nits အထိ ရှိလာပြီး Display Refresh rate ကိုလည်း 1Hz အထိ လျှော့ချနိုင်ပါတယ်။ အကျိုးဆက်က Apple ထုတ် နောက်ဆုံးပေါ် iPhone သစ်တွေမှာ Always-On Display ပါလာတာပဲ ဖြစ်ပါတယ်။ ဒါကလည်း Pro မော်ဒယ်တွေအတွက် သီးသန့်ပါပဲ။ AOD Display ပေါ်မှာ အချိန် နာရီ ၊ Live Activities နဲ့ Widgets တွေ ပေါ်နေမှာပါ။

နောက်ထပ်အပြောင်းအလဲတစ်ခုက ကင်မရာ ဖြစ်ပါတယ်။ ကျောဘက် Main ကင်မရာဟာ Quad-Pixel Sensor နဲ့ လာပြီး ဒါက Android အတွက် မဆန်းပေမယ့် Apple အတွက် ပထမဆုံးအသစ်စက်စက် မိတ်ဆက်မှုပါပဲ။ Main Sensor ဟာ 48MP ရုပ်ထွက်ပါရှိပြီး Default အနေနဲ့ 12MP ပုံ ရိုက်နိုင်ပါတယ်။ Main Camera နဲ့အတူ Macro အသေးစိတ်ရိုက်ချက်လည်းပါတဲ့ 12MP Ultrawide ကင်မရာ နဲ့ 3xTelephoto ကင်မရာတွေလည်း ပါဝင်ပါတယ်။ 

iPhone 14 ရိုးရိုးမော်ဒယ်တွေနဲ့ Pro မော်ဒယ်တွေအကြား အကြီးမားဆုံး ခြားနားချက်က Processor ပါ။ Pro တွေမှာ မျိုးဆက်သစ် 4nm A16 Bionic Chipset သုံးထားပြီး ရိုးရိုးမော်ဒယ်တွေမှာ အရင်နှစ်က A15 Bionic နဲ့ပဲ ထွက်လာပါတယ်။ Six-Core CPU အမျိုးအစားဖြစ်ပြီး Performance Cores ၂ ခု နဲ့ Efficiency Cores ၄ ခု ပါရှိပါတယ်။ ပြိုင်ဘက်တွေထက် ၄၀% ပို မြန်ဆန်ပြီး Performance Core ၂ ခုက A15 Chip ထက် Power အသုံးပြုမှု ၂၀% ပိုနည်းတယ်လို့ ဆိုပါတယ်။ 

ထူးခြားမှုတစ်ခုက Apple Watch သစ်တွေလိုပဲ iPhone 14 နဲ့ iPhone 14 Pro တွေမှာ ယာဉ်တိုက်မှုကို အလိုအလျောက်သိနိုင်ပြီး အရေးပေါ် အကူအညီတောင်းနိုင်မယ့်စနစ်တွေ ပါလာတာပါ။ သတင်းထွက်နေတဲ့အတိုင်း ဂြိုလ်တုဆက်သွယ်ရေးစနစ်ပါလာလို့ လိုင်းမမိတဲနေရာတွေမှာ အရေးပေါ် SOS မက်ဆေ့ချ်တွေ ပို့နိုင်မှာ ဖြစ်ပါတယ်။ ဒီ Satellite လုပ်ဆောင်ချက်ကို Apple ရဲ့ Find My App နဲ့ သုံးပြီးလည်း ကိုယ်ရောက်နေတဲ့ နေရာကို မိသားစုနဲ့ မိတ်ဆွေတွေဆီ Share နိုင်မှာပါ။ 

ဒီဂြိုလ်တုဆက်သွယ်ရေးစနစ်ကို iPhone 14 အသုံးပြုသူတွေအတွက် ၂ နှစ် Free ပေးသုံးမယ်လို့ Apple က ကြေညာပါတယ်။ ဒီနောက်ပိုင်းမှာ ဘယ်ဈေးနှုန်း သတ်မှတ်သွားမလဲတော့ မသိရပါဘူး။ iPhone တွေဟာ Apple ရဲ့ ဝင်ငွေ ၅၂% ကို ရှာပေးနေတဲ့ ထုတ်ကုန်တွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဝင်ငွေ ဒေါ်လာ ၃၆၅.၈၂ ဘီလျံထဲက ၁၉၁.၉၇ ဘီလျံဟာ iPhone ရောင်းရငွေကနေ ရတာပါ။ 



iPhone 14 Pro နဲ့ iPhone 14 Pro Max ကို Space Black ၊ Silver ၊ Gold နဲ့ Deep Purple ရောင်တွေနဲ့ ထွက်ပြီး 128GB / 256GB / 512GB နဲ့ 1TB Storage ဗားရှင်းတွေ ပါရှိပါတယ်။ စက်တင်ဘာ ၉ ရက် Pre-Order မှာနိုင်ပြီး iPhone 14 ရိုးရိုးမော်ဒယ်ကို ၇၉၉ ဒေါ်လာ ၊ iPhone 14 Plus ကို ၈၉၉ ဒေါ်လာ ၊ iPhone 14 Pro ကို ၉၉၉ ဒေါ်လာနဲ့ Pro Max မော်ဒယ်ကို ၁၀၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမှာပါ။ အမေရိကန်ဈေးကွက်မှာ ရောင်းချမယ့် iPhone 14 ထုတ်ကုန်တွေကို SIM Tray ဖြုတ်သွားမှာ ဖြစ်ပြီး eSIM သီးသန့်ဗားရှင်းပဲရောင်းချသွားမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က