ရန်ကုန်တိုင်းဒေသကြီးမှာ ရာသီတုပ်ကွေး H1N1ကြောင့် သေဆုံးသူ (၆၅)ဦးရှိနေပြီး တစ်နိုင်ငံလုံးမှာ သေဆုံးမှုအများဆုံးလည်းဖြစ်နေပါတယ်။
photo- Myanmar CDC
ရာသီတုပ်ကွေးH1N1ကြောင့် ရန်ကုန်တိုင်းဒေသကြီးက (၂)ဦးထပ်မံသေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ သြဂုတ်လ(၁၃)ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သြဂုတ်လ(၁၀)ရက်နေ့ထိ တစ်နိုင်ငံလုံးသေဆုံးသူ (၉၂)ဦးရှိပြီး ဒီကနေ့ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ (၉၄)ဦးရှိနေပါပြီ။ ရန်ကုန်တိုင်းဒေသကြီးမှာ H1N1ကြောင့် သေဆုံးသူ (၆၅)ဦးရှိနေပြီး သေဆုံးမှုအများဆုံးလည်းဖြစ်နေပါတယ်။ ရန်ကုန်မြို့သစ်( တောင်ပိုင်း)၊ လှိုင်သာယာ၊ သင်္ကန်းကျွန်း၊ သန်လျင်၊ မှော်ဘီနဲ့ သာကေတမြို့နယ်တွေမှာ အဖြစ်များနေတာပါ။ ဒီကနေ့ သြဂုတ်လ(၁၃)ရက်နေ့ထုတ်ပြန်ချက်အရ ရာသီတုပ်ကွေး H1N1ကြောင့် တစ်နိုင်ငံလုံး သံသယလူနာဓာတ်ခွဲစစ်ဆေးသူဦးရေ (၁၂၅၂)ဦးရှိကာ အတည်ပြုဖြစ်ပွားသူ (၅၂၀)ဦးရှိနေပါတယ်။
photo- နာရေးကူညီမှုအသင်း(ရန်ကုန်)
အတည်ပြုဖြစ်ပွားသူ (၅၂၀)မှာ သေဆုံးသူ (၉၄)ဦးရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့က အများဆုံးသေဆုံးနေပါတယ်။
မိုးတွင်းကာလဟာ ရာသီတုပ်ကွေးအဖြစ်များတဲ့ ကာလဖြစ်ပြီး ဒီနှစ်ကတော့ ယခင်နှစ်တွေကထက် ရာသီတုပ်ကွေးH1N1ကြောင့် သေဆုံးမှုများပြားလျှက်ရှိနေပါတယ်။ ဖြစ်ပွားမှုနှုန်းမြင့်တက်လျှက်ရှိသလို သေဆုံးမှုနှုန်းမြင့်တက်လျှက်ရှိတဲ့ ရာသီတုပ်ကွေးH1N1ရောဂါဟာ ရိုးရိုးတုပ်ကွေးထက် အဆုပ်ထဲကို ပိုမိုထိရောက်စွာ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။