ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်မှုအပေါ် ချင်းလူငယ်ကွန်ရက်မှ သဘောထားထုတ်ပြန်ချက်။
ဗိုလ်ချုပ် ကြေးရုပ်တည်ဆောက်ခြင်းထက် ပင်လုံကတိကဝတ်နဲ့ ပင်လုံ စာချုပ်မှာ ပါဝင်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်လို့ ချင်းလူငယ်ကွန်ရက်ကဆိုပါတယ်။
“ လွန်ခဲ့တဲ့ ၃ ရက်က ကြေးရုပ်ကို ဟားခါးကို သယ်လာတယ်လို့ ကျွန်တော်တို့ကြားတယ်။ ဗိုလ်ချုပ်ကြေးရုပ်ဆောက်လုပ်တာ ဒေသခံတွေရဲ့ သဘောထားလိုတယ်။ ကျွန်တော်တို့က ဗိုလ်ချုပ်ကို လေးစားပြီးသားပါ။ ဒါပေမယ့် ကြေးရုပ်တွေ လိုက်ပြီး စိုက်ထူတာမျိုးတော့ မလိုဘူးလို့ ထင်ပါတယ်” လို့ ချင်းလူငယ်ကွန်ရက်မှ ဆလိုင်းမာန်ဟုန်းက Duwun ကိုပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ဌာနေတိုင်းရင်းသားတွေရဲ့ သဘောထားတွေကို လျစ်လျှူရှုပြီး ကြေးရုပ်တည်ဆောက်တာတွေဟာ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုတွေကို အရင်ကထက်ပိုမိုထိခိုက်လာနိုင်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုလားချက်ကို အကောင်အထည်မဖော်ပဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အတင်းအဓမ္မ အကောင်အထည်ဖော်တည်ဆောက်မယ်ဆိုရင် ချင်းတိုင်းရင်းသားနဲ့ ဗမာတိုင်းရင်းသားတွေအကြား မလိုလားအပ်တဲ့ လူမျိုးရေးဆန်တဲ့ အမုန်းပွားမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးစီးတည်ဆောက်နေခြင်းက ဒေသခံတိုင်းရင်းသားတွေအကြား လူမျိုးကြီးဝါဒ လွှမ်းမိုးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတယ်လို့ ချင်းတိုင်းရင်းသားလူငယ်တွေက ထင်မြင်နေတယ်လို့ သိရပါတယ်။
NLD အစိုးရတာဝန်ယူတဲ့နောက်ပိုင်း တိုင်းရင်းသားဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ကယားပြည်နယ် (ကရင်နီ)၊ ကချင်ပြည်နယ်တို့မှာဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ပြည်နယ်အစိုးရမှ အတင်းအဓမ္မတည်ဆောက်ခဲ့တဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကယားပြည်နယ် လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမူကြောင့် ဒေသခံကရင်နီလူငယ် ထောင်နဲ့ချီဆန္ဒပြခဲ့ကြပြီးနောက် ကရင်နီလူငယ်အချို့ကို ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပါတယ်။
Share