မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းနဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်ကို ခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နဗီးလ်က သူ့ထုံးစံအတိုင်း အာဆင်နယ်ကို ဖလားစိန်ခေါ်သူနေရာမှာတော့ မထားခဲ့ပါဘူး။
ပြီးခဲ့တဲ့ရာသီကလည်း အာဆင်နယ်တို့ ခြေစွမ်းပြနေချိန်မှာ နဗီးလ်က ဆုဖလားကို မန်စီးတီးပဲ ရရှိသွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီတုန်းက အာဆင်နယ်ပရိသတ်တွေက နဗီးလ်ကို လှောင်ပြောင်ခဲ့ကြပေမယ့် ရာသီကုန်ချိန်မှာတော့ သူ ပြောခဲ့သလို ဖြစ်လာခဲ့ပြီး မန်စီးတီးသာ အမှတ်ပေးဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
အခုလည်း နဗီးလ်က "အာဆင်နယ်က ကျနော့်ကို အံ့အားသင့်စေပါတယ်၊ ဒါက အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကျနော်တို့သိထားတဲ့ အာဆင်နယ်မဟုတ်ပါဘူး၊ ဒီကလန်ရိုက်အတွက် မန်စီးတီးကို သူတို့ အသာစီးယူပစ်ခဲ့တာက တကယ်တုန်လှုပ်စရာကောင်းပါတယ်၊ ဝက်စ်ဟမ်းက သူတို့ကို ငြင်းဆန်ထားခဲ့တာတောင်မှ သူတို့က ရအောင် လုပ်ယူနိုင်ခဲ့တာပါ"
"အခု သူတို့လူစာရင်းနဲ့ ဘယ်အထိ လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရပါတော့မယ်၊ ကျနော့်အတွက်တော့ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားရမယ်လို့ မထင်သေးပါဘူး၊ အဆင့် ၄ အတွင်းတော့ သူတို့ ဝင်ရောက်နိုင်ချေရှိပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ကတော့ ကိုင်ဟာဗက်ဇ်၊ ဒီကလန်ရိုက်တို့ကို ခေါ်ယူထားပြီးဖြစ်ကာ လက်ရှိလူစာရင်းအပေါ် ပရိသတ်တွေက ကျေနပ်အားရနေတာဖြစ်ပါတယ်။