နာမည်ကျော် Fortnite Streamer တစ်ယောက်ဟာ အပျော် Hack ပြီးကစားပြခဲ့လို့ ရာသက်ပန်အပိတ်ခံလိုက်ရပါတယ်။

   ကစားသမားအချင်းချင်း ယှဉ်ပြိုင်ဆော့ကစားရတဲ့ (PvP) အွန်လိုင်း Multiplayer ဂိမ်းတိုင်းလိုလိုမှာ Hack (သို့မဟုတ်) Cheat ပြီးကစားတဲ့သူကတော့ အနည်းနဲ့အများဆိုသလို ရှိတတ်ကြပါတယ်။


ဂိမ်းတစ်ခုနဲ့တစ်ခု Cheat ပုံချင်းလည်း မတူကြပေမယ့် Cheater တွေကို အပြစ်ပေးတဲ့နည်းကတော့ တူညီကြပါတယ်။ အဲဒါကတော့ Ban တာ (သို့မဟုတ်) ကစားခွင့်ပိတ်ပင်လိုက်တာပါပဲ။ ဂိမ်းအမျိုးအစားတွေ အများကြီးထဲကမှ Cheater အများဆုံးကတော့ CS:GO, PUBG, Fortnite တို့လို Shooter ဂိမ်းတွေပဲဖြစ်ပါတယ်။




လက်ရှိအချိန်မှာတော့ Fortnite ကို Cheat ပြီးကစားခဲ့တာကြောင့် Epic Games ရဲ့ပထမဦးဆုံး ရာသက်ပန်ကစားခွင့်ပိတ်ပင်ခြင်းကို ခံလိုက်ရတဲ့ နာမည်ကျော် Streamer တစ်ဦး ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူကတော့ FaZe Clan မှ Jarvis ဖြစ်ပါတယ်။

         Jarvis ရဲ့နာမည်အရင်တော့ Jarvis Kaye ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အမေရိကန်နိုင်ငံသား Streamer တစ်ဦးပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Fortnite ဂိမ်းကို စတင် Stream ခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ Twitch Channel မှာ Follower ပေါင်း ၅၇၀၀၀၀ ကျော်နဲ့ Youtube Channel မှာ Subscriber ပေါင်း ၂ သန်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။


Jarvis ဟာ သိပ်မကြာသေးခင်ကမှ Auto Aim အသုံးပြုပြီး Fortnite ကစားထားတဲ့ Video ကို သူ့ရဲ့ Youtube Channel မှာတင်ခဲ့ပါတယ်။ သူ့ရဲ့ဒုတိယမြောက်အကောင့်မှာ ကစားခဲ့တာဆိုပေမယ့် နာမည်ကျော်လူသိများတဲ့ Streamer ဖြစ်တာကြောင့် Epic Games က သိသွားခဲ့ပြီး ချက်ချင်းပဲ Ban လိုက်ပါတယ်။ Jarvis ကိုယ်တိုင်ကတော့ Cheat ပြီးဆော့ပြတာ ပျော်ဖို့ကောင်းမယ်ထင်တာကြောင့်လို့ ဆိုခဲ့ပေမယ့် သူရရှိခဲ့တဲ့အကျိုးဆက်ကတော့ ပျော်ဖို့မကောင်းခဲ့ပါဘူး။ ရာသက်ပန် Ban ခံရတာကြောင့် Fortnite နဲ့တည်ဆောက်လာခဲ့တဲ့ သူ့အသက်မွေးဝမ်းကြောင်းဟာ ရေစုန်မျောသွားပြီလို့ ဆိုရမှာပါ။

         ရာသက်ပန် Ban ခံရတာနဲ့ပတ်သတ်ပြီး Streamer အများစုကတော့ Jarvis ဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ Fortnite World Cup Finals လိုပြိုင်ပွဲကြီးမှာ Cheat ပြီးကစားခဲ့တဲ့သူတွေကိုတောင် ၂ ပတ်ပဲ Ban ခဲ့ပေမယ့် Cheat ပြီး အပျော်တမ်းဗီဒီယိုတင်ခဲ့တဲ့ Jarvis ကို ရာသက်ပန် Ban တာဟာ တရားမမျှတကြောင်း၊ ပြစ်ဒဏ်ဟာ ကြီးမားလွန်းကြောင်း စသဖြင့် Streamer အသိုင်းအဝိုင်းက ကာကွယ်ပြောဆိုခဲ့ပါတယ်။


အဲဒီလို ကာကွယ်ပြောဆိုခဲ့တဲ့အထဲမှာ Fortnite ရဲ့အကြီးဆုံးကြယ်ပွင့်လို့ပြောရမယ့် Ninja လည်း ပါဝင်ခဲ့ပါတယ်။ Ninja က Jarvis ဟာ ငယ်သေးတဲ့အတွက် အကျိုးဆက်ကို မစဉ်းစားဘဲ လုပ်မိတာဖြစ်ကြောင်း၊ သူ Cheat တာဟာ ဆုကြေးငွေပေးအပ်တဲ့ ပြိုင်ပွဲမျိုးမှာ မဟုတ်တာကြောင့် အလွန်ဆုံးအနေနဲ့ ကစားခွင့် ၆ လအထိသာ ပိတ်ပင်သင့်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

         

         Jarvis ကတော့ အဲဒီလို Ban ခံရပြီးနောက်ပိုင်းမှာ Epic Games နဲ့ သူ့ပရိသတ်တွေကို တောင်းပန်တဲ့ဗီဒီယိုကို သူ့ Youtube Channel မှာတင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ နောက်ဆက်တွဲအခြေအနေတွေကို မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့မိတာကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက်မိကြောင်း၊ အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် အမှားတွေကိုပြန်ပြင်ဆင်ချင်ကြောင်း၊ အားလုံးကိုတောင်းပန်ကြောင်းပြောကြားခဲ့ပါတယ်။


ဒီကိစ္စနဲ့ပတ်သတ်ပြီး Epic Games ကတော့ အခုအချိန်အထိ မှတ်ချက်တစ်စုံတစ်ရာမပေးသေးပါဘူး။ Community ရဲ့အသံကိုပဲ နားထောင်ပြီး Jarvis ရဲ့ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးမလား ဒါမှမဟုတ် သူတို့ရဲ့ သံမဏိစည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ဆက်အရေးယူသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က