၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစားဖြစ်ခဲ့ကြရပြီး လှုပ်လှုပ်ခတ်ခတ်နဲ့ ထင်ရှားတဲ့ သတင်းဖြစ်ရပ် အများအပြားရှိခဲ့ပါတယ်။ ဒီလို သတင်းဖြစ်ရပ်တွေထဲက အချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။
မပြီးဆုံးနိုင်သေးတဲ့ ဟောင်ကောင်ဆန္ဒပြမှုများ
ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာနေရာတစ်ခုအဖြစ် တည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ ဟောင်ကောင်မှာ အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်လာခဲ့ရာမှ ဆန္ဒပြမှုတွေ အကြီးအကျယ်ရှိလာပြီး ကသောင်းကနင်း အခြေအနေတွေ ပေါ်ပေါက်ခဲ့တာက ကမ္ဘာတစ်ဝှမ်း စိတ်ဝင်စားစရာ သတင်းဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင်မှာ ဇွန်လ ၉ ရက်မှစပြီး ထိုဥပဒေမူကြမ်းကို အပြင်းအထန် ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားလာခဲ့ရာ ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ခုနစ်လနီးပါးကြာခဲ့ပြီလည်း ဖြစ်ပါတယ်။
(Photo: Kin Cheung/AP)
မူလက သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေရက်များမှာသာ ဆန္ဒပြခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြမှုတွေ နေ့စဥ်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။ ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။
ခရစ္စမတ်ကာလမှာလည်း ဟောင်ကောင်ရှိ ဈေးဝယ်စတင်တာလို နေရာတွေမှာ ဆန္ဒပြမှုတွေရှိခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီဇင်ဘာလလယ်ပိုင်းအထိ အချက်အလက်တွေအရ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်နေတဲ့ လူသေဆုံးမှုနှစ်ခုနဲ့ ဒဏ်ရာရသူ ၂,၆၀၀ ကျော်ရှိခဲ့ပြီး လူဦးရေ ၆,၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဟောင်ကောင်ဆန္ဒပြမှုတွေဟာ ၂၀၂၀ ပြည့်နှစ်အထိ ဆက်လက်ရှိနေနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
လွှတ်တော်က စွပ်စွဲပြစ်တင်ခံရတဲ့ တတိယမြောက် အမေရိကန်သမ္မတ
(Photo: AFP)
ဂျိုးဘိုင်ဒင်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ထရန့်ရဲ့ပြိုင်ဘက်အဖြစ် ပါဝင်ယှဥ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ အဓိက ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မထရန့်ဟာ ၎င်းကို စွပ်စွဲပြစ်တင်မှုကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အစိုးရတာဝန်ရှိသူတွေနဲ့ ဌာနတွေကို ညွှန်ကြားခြင်းဖြင့်လည်း အောက်လွှတ်တော် စုံစမ်းစစ်ဆေးမှုကို အနှောင့်အယှက်ပြုခဲ့ကြောင်းလည်း စွပ်စွဲခံခဲ့ရပါတယ်။
အောက်လွှတ်တော်က ထိုစွပ်စွဲချက်နှစ်ခုဖြင့် သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်က သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်လိုက်ပြီးနောက် အထက်လွှတ်တော်မှာ ထရန့်ကို ရာထူးမှာ ဆက်လက်ထားရှိခြင်းပြု မပြု လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ဆုံးဖြတ်သွားမယ် မျှော်လင့်ရပါတယ်။
-သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ရန် အမေရိကန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ်
ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဖြင့် ငြှိမ်းသတ်နေရတဲ့ ဩစတြေးလျတောမီး
ယခုနှစ်အတွင်း ဩစတြေးလျမှာ တောမီးလောင်မှုကလည်း ပုံမှန်ဖြစ်နေကျထဲ ပိုမိုဆိုးရွားပြင်းထန်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက စိုးရိမ်တကြီးဖြစ်ရတဲ့ သတင်းဖြစ်ရပ်တစ်ခုပါပဲ။ ဩစတြေးလျမှာ စက်တင်ဘာလကတည်းက တောမီးလောင်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ယခုနှစ်ကုန်ပိုင်းအထိ New South Wales (NSW) ပြည်နယ်မှာ တောမီးလောင်မှု ၁၀၀ ခန့် ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
(Photo: Getty Images)
တောမီးလောင်မှုတွေကြောင့် NSW ပြည်နယ်မှာ ခုနစ်ရက်ကြာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။ ဩစတြေးလျတောမီးလောင်မှုကို အမေရိကန်နဲ့ ကနေဒါတို့မှအဖွဲ့များ၊ ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့မှ စစ်သည်များရဲ့ အကူအညီနဲ့အတူ မီးသတ်သမား ၂,၀၀၀ က ကြိုးပမ်းငြှိမ်းသတ်နေကြပါတယ်။ ဒါ့အပြင် NSW ကျေးလက်ဒေသ မီးသတ်တပ်ဖွဲ့က ပြောကြားမှုအရ ၎င်းတို့ရဲ့ စေတနာ့ဝန်ထမ်း မီးသတ်သမား ၇၀,၀၀၀ ကလည်း တောမီးငြှိမ်းသတ်မှုမှာ ပါဝင်ကူညီနေပြီး ကမ္ဘာ့အကြီးဆုံး စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုနှစ်ကုန်ပိုင်းအထိ ဩစတြေးလျနိုင်ငံတစ်ဝှမ်း အနည်းဆုံး မြေဧက ၇.၄ သန်းမှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး ယနေ့အထိ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ကာ နေအိမ် ၈၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ ဩစတြေးလျမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ပျမ်းမျှအပူချိန် ၄၁.၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ပြီး အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။ အပူချိန်မြင့်တက်မှုနဲ့ လေပြင်းတိုက်မှု ရာသီဥတုအခြေအနေက တောမီးလောင်မှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။
ငယ်ပေမဲ့ စွမ်းဆောင်နိုင်တဲ့ ဆယ်ကျော်သက်ကျောင်းသူ
TIME မဂ္ဂဇင်းက ၂၀၁၉ ခုနှစ်အတွက် Person of the Year အဖြစ် ရွေးချယ်လိုက်တဲ့ ဆွီဒင်သူ ဂရီတာသွန်းဘတ်ဂ်ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပေမဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်ရေး စည်းရုံးလှုံ့ဆော်မှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့သူတဲ့ စွမ်းဆောင်နိုင်သူတစ်ဦးပါ။ သွန်းဘတ်ဂ်ဟာ TIME မဂ္ဂဇင်းက ၁၉၂၇ ခုနှစ်မှစပြီး နှစ်စဥ် ရွေးချယ်ဖော်ပြခဲ့တဲ့ Person of the Year အဖြစ် ရွေးချယ်ခံခဲ့ရသူတွေအနက် အသက်အငယ်ဆုံးလည်း ဖြစ်လာခဲ့ပါတယ်။
(Photo: TIME)
လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်နေ့မှာ အသက် ၁၇ နှစ်ပြည့်မယ့် သွန်းဘတ်ဂ်က အသက် ၁၅ နှစ်အရွယ်မှစပြီး အပတ်စဥ် သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ဆွီဒင်အစိုးရအနေနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ၎င်းရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရန် လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သူမရဲ့ စည်းရုံးလှုံ့ဆော်မှုကို စတင်ခဲ့ပါတယ်။ သွန်းဘတ်ဂ်ရဲ့ စည်းရုံးလှုံ့ဆော်မှုကို လူပေါင်းများစွာက လျင်မြန်စွာ သတိပြုမိခဲ့ကြပါတယ်။
ယခုနှစ် စက်တင်ဘာလမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့အသီးသီးမှာ လူဦးရေလေးသန်းက လမ်းမများပေါ်ထွက်ပြီး သွန်းဘတ်ဂ်ရဲ့လှုပ်ရှားမှုကို အတုယူ အားပေးထောက်ခံကာ ကမ္ဘာရာသီဥတုပြောင်းလဲမှုအပေါ် အစိုးရတွေက အလေးထားဆောင်ရွက်ကြရန် တောင်းဆိုခဲ့ကြပါတယ်။ ဆယ်ကျော်သက် ဆွီဒင်ကျောင်းသူလေး သွန်းဘတ်ဂ်ကို ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် နော်ဝေနိုင်ငံမှ လွှတ်တော်အမတ်သုံးဦးက အဆိုပြုခဲ့ကြပါသေးတယ်။
-၉၂ နှစ်အတွင်း TIME မဂ္ဂဇင်းရဲ့ အသက်အငယ်ဆုံး Person of the Year
သမိုင်းကြောင်းရှည်လျားတဲ့ ဂျပန်ရဲတိုက်ကြီး မီးလောင်ပျက်စီးမှု
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရှူရီရဲတိုက်ကြီးမှာ အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ရဲတိုက်ရဲ့ ပင်မအဆောက်အအုံနေရာများ မီးလောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။ ရှူရီရဲတိုက်ကြီးမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် မီးသတ်သမားတွေက ၁၀ နာရီကျော်ကြာ ကြိုးပမ်းခဲ့ရပါတယ်။
တောင်တန်းပေါ်မှာရှိပြီး အိုကီနာဝါမြို့တော် နာဟာမြို့ကို အပေါ်စီးကနေ မြင်တွေ့နိုင်တဲ့ ဒီရဲတိုက်ကြီးကို သစ်သားများဖြင့် ဆောက်လုပ်ထားပြီး နှစ်ပေါင်း ၅၀၀ သက်တမ်းရှိပြီဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က မဟာမိတ်တပ်ဖွဲ့တွေကို ပစိဖိတ်ရှေ့တန်းစစ်မျက်နှာမှာ ရင်ဆိုင်တိုက်ခိုက်ခဲ့စဥ်က ရှူရီရဲတိုက်ဝင်းအတွင်းမှာ စစ်အခြေစိုက်စခန်းဖွင့်ခဲ့ပါတယ်။
(Photo: Reuters)
ရှူရီရဲတိုက် တည်ရှိရာနေရာ တောင်တန်းတွေက ခံတပ်သဖွယ်ဖြစ်နေပြီး ရန်သူရဲ့တိုက်ခိုက်မှုကနေ မဟာဗျူဟာမြောက် အကာအကွယ်ယူနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အိုကီနာဝါတိုက်ပွဲမှာ မဟာမိတ်တပ်ဖွဲ့တွေက ရှူရီရဲတိုက်နေရာကို သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လုံးဝနီးပါ ပျက်စီးသွားခဲ့ပါပြီး စစ်အပြီးမှာ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ရာမှာ ရဲတိုက်ကြီးရဲ့ ရှေးခေတ်လက်ရာအတိုင်းရှိနေဆဲ တည်ဆောက်ထားမှုတွေကိုသာဖြစ်ပြီး ပြန်လည်တည်ဆောက်ထားမှုတွေ မပါဝင်ခဲ့ပါဘူး။ ရှူရီရဲတိုက်ဟာ တရုတ်ဟန်ပန်နဲ့ ပိုတူနေပြီး ၎င်းရဲ့ဗိသုကာပုံစံက ဂျပန်မှာတည်ဆောက်ထားတဲ့ ဗိသုကာပုံစံတွေနဲ့ ကွဲပြားနေပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရှူရီရဲတိုက်ကို ဂျပန်နိုင်ငံရဲ့ အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲ မီးရှူးတိုင်သယ်ဆောင်ရာမှာ ရှူရီရဲတိုက်မှာ တစ်ထောက်ရပ်နားရန် စီစဥ်ထားခဲ့ပါတယ်။
-ရှူရီရဲတိုက်မီးလောင်မှု ဆက်စပ်သတင်းများ ဖတ်ရှုရန်
ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတဲ့ အမျိုးသမီး
ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အသက် ၃၄ နှစ်အရွယ်ဖြင့် ဖင်လန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဆန်နာမာရင်ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ထူးထူးခြားခြား မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင် သာမက သူမရဲ့ အစိုးရအဖွဲ့မှ အရေးပါတဲ့ အမျိုးသမီးဝန်ကြီး သုံးဦးကလည်း အသက် ၃၅ နှစ်အောက်တွေပဲ ဖြစ်ပါတယ်။
ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင်ဟာ အသက် ၂၀ အရွယ်ကတည်းက နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ သူမဟာ ဖင်လန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ တတိမြောက် အမျိုးသမီးလည်း ဖြစ်ပါတယ်။ ဆန်နာမာရင်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်မခံရမီ ၂၀၁၉ ခုနစ်မှစပြီး ပို့ဆောင်ရေးနဲ့ ဆက်သယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နှစ်ပေါင်း ၈၅၀ ကျော်သက်တမ်းရှိ ပါရီမြို့လယ်မှ ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှု
ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ ထင်ရှားတဲ့ Notre-Dame ခရစ်ယာန်ဘုရားကျောင်းမှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အဆောက်အအုံတစ်ခုလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းကာ ရှေးခေတ်ဗိသုကာလက်ရာတွေ ပျက်စီးခဲ့ရပါတယ်။ ဧပြီ ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဘုရားကျောင်း မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ အာဏာပိုင်တွေကတော့ ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်ခြင်းနဲ့ ဆက်နွယ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
(Photo: AFP)
ဂေါ့သစ် (Gothic) ဗိသုကာလက်ရာပုံစံ ခရစ်ယာန်ဘုရားကျောင်းကြီး စတင်ဆောက်လုပ်ခြင်း အုတ်မြစ်ချမှုကို ၁၁၆၃ ခုနှစ်မှာ ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၅၀ ကျော်ရှိပြီလည်း ဖြစ်ပါတယ်။ Notre-Dame ခရစ်ယာန်ဘုရားကျောင်းကြီးကို ၁၃၄၅ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
Notre-Dame ဘရားကျောင်း မီးလောင်မှုကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် ရှေးခေတ်ဗိသုကာလက်ရာတွေ ပျက်စီးဆုံးရှုံးရမှုအပေါ် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ကမ္ဘာတစ်ဝှမ်းက နှမြောတသဖြစ်ခဲ့ကြပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ပါရီမြို့လယ်ရှိ Notre-Dame ခရစ်ယာန်ဘုရားကျောင်းကို နှစ်စဉ် ဝတ်ပြုဆုတောင်းသူ သန်းနဲ့ချီ လာရောက်လေ့ရှိပါတယ်။
-နှစ်ပေါင်း ၈၅၀ ကျော်သက်တမ်းရှိ ပါရီမြို့လယ်မှ ခရစ်ယာန်ဘုရားကျောင်း မီးအကြီးအကျယ်လောင်
နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ဂျပန်ဧကရာဇ် ထီးနန်းစွန့်မှုနဲ့ ဧကရာဇ်အပြောင်းအလဲ
ဂျပန်နိုင်ငံမှာ ဧကရာဇ်အကီဟီတိုက ယခုနှစ် ဧပြီ ၃၀ ရက်နေ့မှာ ထီးနန်းစွန့်လွှတ်လိုက်ပြီး သားဖြစ်သူကို ထီးနန်းအရိုက်အရာ လွှဲပြောင်းပေးခဲ့ပါတယ်။ အသက် ၈၅ နှစ်အရွယ် ဧကရာဇ်အကီဟီတိုက ထီးနန်းအရိုက်အရာကို အသက် ၅၉ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရူဟီတိုကို လွှဲပြောင်းပေးအပ်ပြီး 'Reiwa' လို့ အမည်ပေးထားတဲ့ အင်ပါယာခေတ်သစ်ကို စတင်ခဲ့ပါတယ်။
ဂျပန်ဧကရာဇ် အကီဟီတိုက နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် ထီးနန်းစွန့်လွှတ် လွှဲပြောင်းပေးအပ်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ ထို့နောက် ဂျပန်ထီးနန်းကိုဆက်ခံသူ ဧကရာဇ်နာရူဟီတို ထီးနန်းတက်ပွဲကို နှစ်ပေါင်း ၂,၀၀၀ သက်တမ်းရှိ ဘုရင်စနစ်ရဲ့ အစဉ်အလာများ၊ ကြီးကျယ်ခမ်းနားမှုများနဲ့အတူ တိုကျိုမြို့ရှိ နန်းတော်မှာ အောက်တိုဘာ ၂၂ ရက်နေ့က တခမ်းတနားကျင်းပခဲ့ပြီး ထိုအခမ်းအနားဟာ ၎င်းရဲ့ဖခင် အကီဟီတိုရဲ့ ထီးနန်းတက်ပွဲနောက်ပိုင်း ၂၉ နှစ်အတွင်း ဂျပန်ဧကရာဇ်တစ်ပါးရဲ့ ထီးနန်းတက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဂျပန်ဧကရာဇ် နာရူဟီတို ထီနန်းတက်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၁၈၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ ဘုရင်နဲ့ တော်ဝင်မိသားစုဝင်များ၊ ထိပ်တန်းအဆင့် တာဝန်ရှိသူများ အပါအဝင် အထူးဧည့်သည် ၂,၀၀၀ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဂျပန်ထီးနန်းရဲ့ ၁၂၆ ဆက်မြောက် ဧကရာဇ်ဖြစ်လာတဲ့ နာရူဟီတိုဟာ မိဖုရားမာဆာကိုနဲ့ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အိုက်ကို (မင်းသမီးတိုရှီ) အမည်ရှိ တစ်ဦးသော သမီးတစ်ဦးရှိပါတယ်။
တရုတ်နိုင်ငံရဲ့ ထူးခြားလှပတဲ့ ကြယ်ငါးပုံသဏ္ဍန် လေဆိပ်သစ်ကြီး
ကွန်မြူနစ်ပါတီ အာဏာရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်မှု နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အကြို ဖွင့်လှစ်လိုက်တဲ့ ကြယ်ငါးပုံသဏ္ဍန် ဘေဂျင်ဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး (Beijing Daxing International Airport) က မြင်တွေ့ရသူတွေအတွက် ထူးခြားဆန်းသစ်မှုကို ခံစားရစေပါတယ်။ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကုန်ကျခဲ့တဲ့ ဘေဂျင်ဒါဇင်းလေဆိပ်သစ် တည်ဆောက်မှုလုပ်ငန်းကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ အပြီးသတ်ခဲ့ပြီးနောက် တရားဝင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
(Photo: Xinhua)
လေဆိပ်သစ်ကြီးဟာ ၁၇၃ ဧကနီးပါး ကျယ်ဝန်းပြီး ဘောလုံးကွင်း ၁၀၀ စာနီးပါးပမာဏနဲ့ညီမျှကာ ၂၀၂၅ ခုနှစ်မှစပြီး တစ်နှစ်လျှင် ခရီးသည် ၇၂ သန်းကို ဝန်ဆောင်မှုပေးနိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လေယာဉ်ပြေးလမ်း လေးခုပါရှိပြီး ၂၀၄၀ ပြည့်နှစ်အရောက်မှာတော့ ဘေဂျင်းဒါဇင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စစ်ဘက်သုံး လေယာဉ်ပြေးလမ်းတစ်ခု အပါအဝင် စုစုပေါင်း လေယာဉ်ပြေးလမ်း ၈ ခုအထိ တိုးချဲ့သွားရန်လည်း စီစဉ်ထားပါတယ်။
လေယာဉ်ပြေးလမ်း တိုးချဲ့ပြီးပါက တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ အထိ လက်ခံဝန်ဆောင်မှုပေးနိုင်မှာပြီး ဆိုက်ရောက်ထွက်ခွာဆောင် တစ်ခုတည်းဖြင့် ခရီးသည် ဝန်ဆောင်မှုပေးနိုင်မှုအရ ကမ္ဘာ့အကြီးဆုံး လေဆိပ်ဖြစ်လာမယ်လို့ လေဆိပ်ဒီဇိုင်း ရေးဆွဲခဲ့သူတွေက ပြောထားပါတယ်။ လေဆိပ်သစ်ကြီးကို Anglo-Iraqi ဗိသုကာပညာရှင် ဇာဟာဟဒစ် (Zaha Hadia) က Aeroports de Paris ကုမ္ပဏီရဲ့ လက်အောက်ခံ အင်ဂျင်နီယာလုပ်ငန်းခွဲနဲ့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဗိသုကာပညာရှင် ဇာဟာဟဒစ်ကတော့ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
-တရုတ်နိုင်ငံရဲ့ ထူးခြားလှပတဲ့ ကြယ်ငါးပုံသဏ္ဍန် လေဆိပ်သစ်ကြီး စတင်ဖွင့်လှစ်
အမေရိကန်စစ်ဆင်ရေးအတွင်း အိုင်အက်စ်ခေါင်းဆောင် သေဆုံးမှု
အောက်တိုဘာ ၂၆ ရက်နေ့ သန်းခေါင်ကျော်အချိန်က ဆီးရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ရဲ့ စီးနင်းတိုက်ခိုက်မှုတစ်ခုအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဂ်ဒါဒီ သေဆုံးသွားတဲ့ သတင်းကလည်း ၂၀၁၉ ခုနှစ်မှာ လူအများ စိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အမေရိကန်က ကာလရှည်ကြာ လိုက်လံရှာဖွေနေခဲ့သူ အိုင်အက်စ်ခေါင်းဆောင်ဟာ တူရကီနိုင်ငံ နယ်စပ်အနီးရှိ Brisha ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး ရဟတ်ယာဉ်များ၊ စစ်လေယာဉ်များနဲ့ မြေပြင်တပ်ဖွဲ့များ ပါဝင်တဲ့ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့ပါတယ်။
(Photo: Reuters)
"ကျွန်တော်တို့ရဲ့ စစ်မှုထမ်းခွေးက သူ့နောက်ကိုလိုက်ခဲ့တယ်၊ သူက ဥမင်လှိုဏ်ခေါင်းအဆုံးကို ရောက်သွားခဲ့ပြီး သူ့ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ အသေခံ ဗုံးခွဲဝတ်စုံကို ဖောက်ခွဲပစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ သူ့ကလေးသုံးဦးကိုပါ သတ်လိုက်ပါတယ်၊ သူ့ခန္ဓာကိုယ်က ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းပြတ်သွားခဲ့ပြီး ဥမင်လှိုဏ်ခေါင်းက သူ့အပေါ်ကို ပြိုကျသွားခဲ့တယ်" လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိုင်အက်စ်ခေါင်းဆောင် သေဆုံးကြောင်း အတည်ပြုထုတ်ပြန်စဥ် ပြောခဲ့ပါတယ်။ လူမြင်ကွင်းမှာတွေ့ရခဲတဲ့ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာကို ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိုင်အက်စ်အုပ်စုက ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုတစ်ခုအတွင်း ပြန်လည်ထွက်ပေါ်လာတာ မြင်တွေ့ခဲ့ကြရပါတယ်။
Share