ဟိုက်ဒရိုဂျင်စွမ်းအင်ကို အပြည့်အဝသုံးပြီး မောင်းနှင်တဲ့ ခရီးသည်တင်ရထားစနစ် ဂျာမနီနိုင်ငံမှာ အသက်ဝင်နေပြီလို့ ဆိုပါတယ်။
ပြင်သစ်စက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Alstom က ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးဟိုက်ဒရိုဂျင်ရထားကို Coradia iLint လို့ နာမည်ပေးထားပြီး ဂျာမနီနိုင်ငံ Lower Saxony မှာ ပြေးဆွဲမှာပါ။ ယာဉ်စွမ်းအင်စွန့်ထုတ်မှုအနေနဲ့ ရေနွေးငွေ့ပဲ ရှိတဲ့ ဒီရထားတွေဟာ ဆူညံသံ Noise Level လည်း နိမ့်တယ်လို့ Alstom က ပြောပါတယ်။ ဒီတစ်ပတ်ထဲမှာ ရထား ၅ စင်းနဲ့ စတင် ခုတ်မောင်းတော့မှာ ဖြစ်ပြီး လာမယ့်လတွေမှာ နောက်ထပ် ရထား ၉ စင်း ထပ်တိုး ပြေးဆွဲတော့မှာ ဖြစ်တယ်လို့လည်း Engadget သတင်းက ဖော်ပြပါတယ်။
Coradia iLint ဟိုက်ဒရိုဂျင်ရထားတွေဟာ ဒီဇင်အင်ဂျင်ရထားတွေ နေရာကို အစားထိုးသွားမှာ ဖြစ်ပြီး Cuxhaven မြို့၊ Bremerhaven မြို့ ၊ Bremervoerde မြို့ နဲ့ ဟမ်းဘားဂ်မြို့နားမှာ ရှိတဲ့ Buxtehude မြို့တွေကို ဆက်သွယ်ထားတဲ့ ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့ ရထားလမ်းအတိုင်း ပြေးဆွဲတော့မှာပါ။ ဂျာမနီမှာ အောင်အောင်မြင်မြင် ပြေးဆွဲနိုင်ပြီဆိုရင် Coradia iLint ဟိုက်ဒရိုဂျင်ရထားတွေဟာ ကမ္ဘာအနှံ့ သန့်စင်စွမ်းအင်သုံး ရထားလမ်းကွန်ရက်တွေပေါ် ရောက်လာဖို့လည်း ရှိပါတယ်။
"ကာဘွန်စွန့်ထုတ်မှု ကင်းတဲ့ ရွေ့လျားမှုဟာ ရေရှည်တည်တံ့တဲ့ အနာဂါတ်တစ်ခု ဖြစ်လာဖို့အတွက် အရေးအကြီးဆုံးပန်းတိုင်တွေထဲကတစ်ခုပါပဲ။ Alstom ဟာ ရထားလမ်းပိုင်းတွေအတွက် ရွေးချယ်စရာ ခုတ်မောင်းစနစ်တွေထဲမှာ ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်လာဖို့ ပြတ်သားတဲ့ ရည်မှန်းချက် ချထားပါတယ်။" လို့ Alstom ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဥက္ကဌ နဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်တဲ့ Henri Poupart- Lararge က ပြောပါတယ်။
"ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်ရထား Coradia iLint ဟာ နောက်ဆုံးပေါ်နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ သန့်စင်ရွေ့လျားနိုင်မှုပိုင်းအတွက် ကျွန်တော်တို့ရဲ့ ရှင်းပြတ်တဲ့ ကတိကဝတ်ကို မြင်သာအောင် ဖော်ပြရာ ရောက်ပါတယ်။ ဒီနည်းပညာကို ကျွန်တော်တို့ မိတ်ဖက်လုပ်ငန်းတွေနဲ့ ပေါင်းပြီး ကမ္ဘာ့ပထမဆုံးအနေနဲ့ လုပ်ငန်းလည်ပတ်စေနိုင်ခဲ့တဲ့အပေါ် အလွန်ပဲ ဂုဏ်ယူပါတယ်။" လို့လည်း သူက ဆိုပါတယ်။
Coradia iLint ဟာ ဟိုက်ဒရိုဂျင် ၂.၂ ပေါင် (၁ ကီလိုဂရမ်) ထည့်ထားရုံနဲ့ ဒီဇယ် ၉.၉ ပေါင် ဝန်းကျင် (၄.၅ ကီလိုဂရမ်) ထည့်မောင်းတဲ့ ခရီးကို သွားနိုင်စွမ်း ရှိတယ်လို့လည်း ဆိုပါတယ်။ ဂျာမနီမှာ ပြေးဆွဲမယ့် ဟိုက်ဒရိုဂျင်ရထား ၁၄ စင်းလုံးဟာာ လောင်စာဆဲလ် တွန်းကန်အားနဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။ Alston နဲ့ ဂျာမနီနိုင်ငံအစိုးရပိုင် လုပ်ငန်းတစ်ခုဖြစ်တဲ့ Landesnahverkehrsgesellschaft Niedersachsen (LVNG) တို့အကြား ဒေါ်လာ ၉၃ သန်းတန် လက်မှတ်ရေးထိုးထားပါတယ်။ LNVG ရဲ့ အဆိုအရ ဟိုက်ဒရိုဂျင်ရထားသစ်တွေကြောင့် နှစ်စဉ် လေထုတဲ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၄၄၀၀ ထုတ်လုပ်မှုကို ကာကွယ်နိုင်တော့မယ်လို့လည်း ဆိုပါတယ်။
ဒီရထားတွေဟာ ကာဗွန်စွန့်ထုတ်မှု ကင်းလွတ်သလို ဆူညံသံလည်း နည်းပါးပါတယ်။ စွန့်ထုတ်မှုအနေနဲ့ အိတ်ဇောကနေ ရေနွေးငွေ့နဲ့ ဖိအားနဲ့ သိပ်ထားတဲ့ ရေပဲ ထွက်လာမှာ ဖြစ်ပြီး ဟိုက်ဒရိုက်ဂျင်တစ်ကန်တည်းနဲ့ ၆၂၁ မိုင် (ကီလိုမီတာ ၁၀၀၀) ပြေးဆွဲနိုင်မယ်လို့လည်း ဆိုပါတယ်။ အမြန်နှုန်းအနေနဲ့ ဒီရထားတွေဟာ တစ်နာရီ ၈၇ မိုင်အထိ (ကီလိုမီတာ ၁၄၀) အမြင့်ဆုံး ခုတ်မောင်းနိုင်မယ်လို့လည်း သိရပါတယ်။
Alstom ဟာ ဟိုက်ဒရိုဂျင်ရထားတွေကို ၂၀၁၈ ခုနှစ်မှာ စတင်စမ်းသပ်လာခဲ့တာ ဖြစ်ပြီး Coradia iLint ရထားတွေကို ဖရန့်ခ်ဖတ်မြို့တော်ဧရိယာအတွင်း ရထား ၂၇ စင်း တည်ဆောက်ပေးဖို့အပြင် တခြား နေရာတွေအတွက်လည်း ကန်ထရိုက်တွေ ရထားပါတယ်။ ဒီထဲမှာ အီတလီနဲ့ ပြင်သစ်တွေမှာလည်း ဟိုက်ဒရိုဂျင်ရထားတွေ ဆောက်လုပ်ပေးဖို့ပါ ကန်ထရိုက် ရထားတာ ဖြစ်ပါတယ်။