နောက်တစ်ကြိမ် ကုန်းတွင်းပိုင်းဝင်ရောက်မှုအဖြစ် ကနေဒါနိုင်ငံမှာ ဝင်ရောက်တိုက်ခတ်နိုင်ပါတယ်။

ဟာရီကိန်းမုန်တိုင်း ဒိုရီယန် အမေရိကန်ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးနောက် မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ ကျွန်းတစ်ကျွန်းမှာ ရေကြီးမှုကြောင့် လူဦးရေ ရာနဲ့ချီ ပိတ်မိနေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

(Photo: Back Porch Restaurant and Wine Bar)

ဟာရီကိန်ဒိုရီယန် (Hurricane Dorian) ဟာ အမေရိကန်ကမ်းရိုးတန်းကို မဝင်ရောက်မီ ဘဟားမားစ်နိုင်ငံမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ စက်တင်ဘာ ၆ ရက် အစောပိုင်းအထိ လူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။ ယခုအခါ အဆိုပါ မုန်တိုင်းဟာ အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေရဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။



မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး ရွိုင်းကူးပါးရဲ့ ပြောကြားမှုအရ Ocracoke ကျွန်းမှာ မုန်တိုင်းဒီရေများ တက်ရောက်ခဲ့ပြီး လူဦးရေ ၈၀၀ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွိုင်းကူးက Ocracoke ကျွန်းမှာ ပိတ်မိနေသူတွေအတွက် စိုးရိမ်စရာဖြစ်ကြောင်းနဲ့ အဆိုပါကျွန်းကို သွားရောက်နိုင်တဲ့အချိန်ရောက်ပါက ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ဆုံးသွားနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်းလည်း ပြောခဲ့ပါတယ်။

(Map: weather.com)

ဟာရီကိန်းဒိုရီယန်ဟာ စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီမှာ မြောက်ကာရိုလိုင်းနားပြည်နယ် Hatteras အငူ (Cape Hatteras) မှတစ်ဆင့် ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၉၀ ဖြင့် ဝင်ရောက်ခဲ့ပါတယ်။ သို့သော် ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာတော့ မုန်တိုင်းမျက်စိဟာ Hatteras အငူမှ အရှေ့မြောက်ဘက်သို့ မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်သို့ ရွေ့လျားသွားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းမျက်စိမှ ၄၅ မိုင်ကွာဝေးတဲ့ မြောက်ကာရိုလိုင်းနားပြည်နယ် Outer Banks ကျွန်းစုမှာ ဟာရီကိန်းမုန်တိုင်း လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းမျက်စိမှ မိုင် ၂၀၀ ကွာဝေးတဲ့ နေရာမှာတော့ အပူပိုင်မုန်တိုင်း ပြင်းအားရှိတဲ့ လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း အမေရိကန် National Hurricane Center (NHC) က ပြောပါတယ်။

(Photo: Albert Styron's Store/Facebook)

ဒေသဆိုင်ရာ မိုးလေဝသဌာန တာဝန်ရှိသူတွေက Ocracoke ကျွန်းမှာ မုန်တိုင်းဒီရေကြောင့် အကြီးအကျယ် ရေလွှမ်းမိုးနေတဲ့ ဗီဒီယိုကို အွန်လိုင်းမှာလွှင့်တင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ဒိုရီယန်ဟာ ပြင်းအားအဆင့် ၁ (Category 1) ဟာရီကန်းမုန်တိုင်းအဖြစ် ပင်လယ်ပြင်မှာ တိုက်ခတ်နေပြီး အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၁၇ မိုင်နှုန်းဖြင့် ရွေ့လျားနေကြောင်း သိရပါတယ်။

ဟာရီကန်းဒိုရီယန်ဟာ ယနေ့ (စက်တင်ဘာ ၇ ရက်) မှာ ကုန်းတွင်းပိုင်းကို နောက်ထပ် ဝင်ရောက်မှုအဖြစ် ကနေဒါနိုင်ငံ Nova Scotia ပြည်နယ်ကို ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်နဲ့ အခြား အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေများ တက်ရောက်မှုနဲ့ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားဆဲဖြစ်ပါတယ်။

(Photo: Reuters)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ မုန်တိုင်းနဲ့ဆက်နွယ်ပြီး လူသုံးဦး သေဆုံးခဲ့ပြီး မြောက်ကာရိုလိုင်းနားပြည်နယ်မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ သေဆုံးသူလေးဦးလုံးဟာ ၎င်းတို့နေအိမ်တွေနဲ့ အဆောက်အအုံတွေကို မုန်တိုင်းအတွက် ပြင်ဆင်နေစဉ် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ဟာရီကိန်းဒိုရီယန် တိုက်ခတ်နေမှုကြောင့် ဂျော်ဂျီယာ၊ တောင်ကာရိုလိုင်းနားနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေရဲ့ နေရာအနံှ့အပြားမှာ ရေကြီးမှုနဲ့ နေအိမ် ၂၃၀,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် တောင်နဲ့မြောက် ကာရိုလိုင်နားပြည်နယ်တွေမှာ လူဦးရေ ၉၀၀,၀၀၀ ကို ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းကြရန် ညွှန်ကြားထားခဲ့ပါတယ်။ သို့သော် လူဦးရေမည်မျှက ညွန်ကြားချက်အတိုင်း ရွှေ့ပြောင်းခဲ့ကြောင်းကိုတော့ အတိအကျ မသိရပါဘူး။

(Photo: NC DOT)

ဟာရီကိန်းဒိုရီယန်ဟာ အမေရိကန်ကို ချဉ်းကပ်မလာမီ ဘဟားမားစ်နိုင်ငံကို ပြင်းအားအဆင့် ၅ (Category 5) မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၅ မိုင်ဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ ဒိုရီယန်ဟာ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်စဉ် အားအကောင်းဆုံး ဟာရီကိန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘဟားမားစ်နိုင်ငံမှာ နှစ်ရက်ကြာ တိုက်ခတ်နေခဲ့ပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဘဟားမားစ်မှာ လူဦးရေ ၇၀,၀၀၀ ထက်မနည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ချက်ချင်း လိုအပ်နေကြောင်း သိရပါတယ်။ ဟာရီကိန်းဒိုရီယန်ကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ဘဟားမားစ်အစိုးရက ပြောထားပါတယ်။

(Photo: Reuters)

အစိုးရတာဝန်ရှိသူတွေက မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ အဘာကိုကျွန်းစုသို့ အလောင်းပြင်သူတွေနဲ့ အလောင်းထည့်အိတ် ၂၀၀ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ "အများပြည်သူအနေနဲ့ မထင်ထားနိုင်တဲ့ သေဆုံးသူဦးရေနဲ့ လူတွေ ဒုက္ခရောက်ကြရတဲ့ သတင်းအချက်အလက်တွေ ရှိလာနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်" လို့ ဘဟားမားစ် ကျန်းမာရေးဝန်ကြီး Duane Sands က ဒေသခံ ရေဒီယိုသတင်းဌာနကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က