ဟာလန်းကိုအသင်းမှာဆက်ထိန်းထားဖို့ ဒေါ့မွန်တို့ ဆန္ဒရှိနေတာပါ။

ဒေါ့မွန်ရဲ့ ဒါရိုက်တာ ဆီဘက်စတီယန်ခါးလ်ကတော့ လာမယ့်နွေရာသီမှာ ဟာလန်းအသင်းမှာဆက်ရှိ၊ မရှိအပေါ် ယူရို (၁၀၀) လောင်းကြေးထပ်မယ်လို့ ဆိုလာပါတယ်။ ဟာလန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့အတွက် မီဒီယာစာမျက်နှာတွေထက်မှာ ရေပန်းစား ကျော်ကြားလာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။



ဒီကစားသမားကို ခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်၊ PSG၊ ယူနိုက်တက်၊ မန်စီးတီးတို့က အဓိက စိတ်ဝင်စားနေပြီး ဒေါ့မွန်ကလည်း သူတို့ရဲ့ အဓိကဂိုးသွင်းစက်ကို အသင်းမှာဆက်ထိန်းထားဖို့ ခက်ခက်ခဲခဲ ကြိုးစားရပါလိမ့်မယ်။ ဒေါ့မွန်က လစာနှစ်ဆတိုးပေးပြီး ဟာလန်းကို အသင်းမှာထိန်းထားဖို့ ကြိုးစားနေသလို ကစားသမားဘက်ကလည်း သူ့ကိုခေါ်ယူလိုတဲ့ အသင်းတွေဆီက စံချိန်တင်လစာငွေ တောင်းဆိုဖို့ရှိနေတာပါ။

 

လက်ရှိအချိန်မှာ ဟာလန်းရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ခါးလ်က “ဟာလန်းအတွက် ဒေါ့မွန်က ထိပ်တန်းအသင်းတစ်သင်းဖြစ်တယ်ဆိုတဲ့ ခံစားချက်ပေးစွမ်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူ ဒီအသင်းမှာ အများကြီး ဆက်လက်တိုးတက်နိုင်ပါသေးတယ်။ ကျွန်တော်တို့ သူ့ကို အသင်းမှာ ဆက်ထိန်းနိုင်ကောင်း ထိန်းနိုင်ပါလိမ့်မယ်”

 

“သူ့ကို ဆက်ထိန်းထားဖို့အတွက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ။ အရာအားလုံးကို ကြိုးစားသွားမှာပါ။ အခုချိန်ထိ ဘာမှဆုံးဖြတ်ချက်မချရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဟာလန်း ဒေါ့မွန်မှာဆက်ရှိနေမယ်ဆိုတဲ့ဘက်ကနေ ယူရို (၁၀၀) လောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

 

ဟာလန်းနဲ့ဒေါ့မွန်တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးက လာမယ့်နွေရာသီမှာ ယူရို (၇၅) သန်းဝန်းကျင်အထိ ကျဆင်းမှာဖြစ်ပြီး ဒီအချက်က ထိပ်တန်းအသင်းကြီးတွေကို အဓိကဆွဲဆောင်နေတာပါ။ ဟာလန်းဟာ ပြီးခဲ့တဲ့ (၂၀၂၀)၊ ဇန်နဝါရီမှာ သြစတြီးယားကလပ်၊ ဆဲလ်ဘာ့ဂ်ကနေ ဒေါ့မွန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးသွင်းစက်တစ်လုံးအဖြစ် ဂိုးသွင်းခြေစွမ်းပြခဲ့ပါတယ်။

 

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဟာလန်းတစ်ယောက် တင်ပါးဆုံဒဏ်ရာနဲ့ ရင်ဆိုင်နေရပြီး ဒီဒဏ်ရာကြောင့်ပဲ လက်ရှိ (၂၀၂၁) ရဲ့ လက်ကျန်ပွဲစဥ်တွေကို လွဲချော်သွားမယ်လို့ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က