အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီကတော့ သူ မြင်တွေ့ချင်တဲ့ တိုက်စစ်ပိုင်းတခုကို ဖွင့်ဟပြောဆိုလိုက်ပြီး ဒါကို တယောက်ယောက်က ဖြစ်အောင်လုပ်ပေးဖို့အတွက်လည်း တောင်းဆိုလိုက်ပါတယ်။ မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ပွဲအပြီးမှာ အွန်နရီက ပြောဆိုခဲ့တာဖြစ်ပြီး ဗင်နီရှပ်၊ ဟာလန်းနဲ့ ဘတ်ပီတို့ကို တသင်းတည်းမှာ မြင်တွေ့ချင်တယ်လို့ ဖွင့်ဟခဲ့တာပါ။
အဆိုပါပွဲမှာ ဟာလန်းက ထင်မှတ်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဗင်နီရှပ်ကတော့ ထူးရှယ်ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမယ့် ဟာလန်းက ထိတ်လန့်စရာတိုက်စစ်မှူးအဖြစ် အားလုံးက လက်ခံထားကြပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ အနားယူပြီးနောက် ဘောလုံးကမ္ဘာမှာ ဒီလူငယ်ကစားသမားတွေက လွှမ်းမိုးလာမှာလည်းဖြစ်ပါတယ်။
အွန်နရီက "ဘယ်ခြမ်းမှာ ဗင်နီရှပ်၊ ဘတ်ပီနဲ့ ဟာလန်းက တိုက်စစ်ပိုင်းမှာပါ၊ တယောက်ယောက်က သူတို့ကို တသင်းတည်းမှာ ကစားနိုင်အောင် ကျေးဇူးပြုပြီး လုပ်ကြစမ်းပါ" လို့ ပြောဆိုသွားခဲ့တာပါ။ ဒီကစားသမားတွေဟာ အသက် ၂၀ ကျော်အရွယ်တွေသာ ရှိနေသေးပေမယ့် လက်ရှိဘောလုံးလောကကို ကိုင်လှုပ်နေသူတွေဖြစ်ပါတယ်။
သက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းပြနေသူတွေဖြစ်ပြီး မရှိမဖြစ်အားထားရတဲ့ ကစားသမားတွေလို့လည်း ဆိုရမှာပါ။ ဟာလန်းကတော့ ဒီရာသီမှာ မန်စီးတီးအတွက် ၅၁ ဂိုးအထိ သွင်းယူပေးထားပြီး ဘတ်ပီကတော့ ၃၆ ဂိုးအထိ သွင်းယူထားကာ ဗင်နီရှပ်က ၂၃ ဂိုးအထိ သွင်းယူပေးထားလို့ ၃ ယောက်ပေါင်းအားဖြင့် ၁၁၂ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။