မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်း ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာကို မသိရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ Bone Stress ပြဿနာကြောင့် မနေ့ညက လူတန်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့ဟန်ရှိပြီး သူ ပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျမသိနိုင်ဖြစ်နေတာပါ။ မန်စီးတီးကတော့ မနေ့ညက လူတန်တောင်းကို အနိုင်ရရှိဖို့ ရုန်းကန်လိုက်ရပါတယ်။
ပထမပိုင်းမှာ ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် ဒုတိယပိုင်းမှာ နောက်ကနေ အသည်းအသန် လိုက်ကစားခဲ့ရတာပါ။ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားရဲ့ ချေပဂိုး၊ ဂရီလစ်ရှ်ရဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် ရရှိခဲ့တာကြောင့် (၅) ပွဲဆက် နိုင်ပွဲပျောက်မယ့်အရေးကနေ လွတ်မြောက်ခဲ့ပါတယ်။
ဟာလန်းရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ ဂွါဒီယိုလာက “ဟာလန်းရဲ့ ခြေထောက်မှာ Bone Stress ဖြစ်ခဲ့ပြီး နောက်ဆုံးပွဲမှာ သူ ဒီဒဏ်ရာကို စတင်ခံစားခဲ့ရပါတယ်။ သူ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဘယ်အချိန်အထိ အနားယူရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ မသိနိုင်ပါဘူး။ တစ်ပတ်ချင်း၊ တစ်ရက်ချင်း ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒီသတင်းကတော့ မန်စီးတီးပရိသတ်တွေအတွက် သတင်းဆိုးဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ဖို့၊ နောက်ထပ် ဆုဖလား (၃) လုံးဆွတ်ခူးတဲ့ နှစ်နှစ်ဆက် ရာသီဖြစ်ဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။