မန်စီးတီးကတော့ ဒီပွဲမှာ ဖိုဒန်ကို အနားပေးခဲ့ပြီး ဂရီလစ်ရှ် ပွဲထွက်လာတာကလွဲရင် ကြီးကြီးမားမား အပြောင်းအလဲမရှိခဲ့ပါဘူး။ နောက်တန်းမှာ ဒီယက်စ်နဲ့ လာပေါ့တ် ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ဒီဘရိုင်း၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားတို့ကို တွဲပေးခဲ့ပါတယ်။ မာရက်ဇ်ကလည်း ညာတောင်ပံမှာ ပါဝင်လာခဲ့ပြီး မန်စီးတီးတို့ ပထမပိုင်းမှာ ဦးဆောင်ဂိုးတွေရခဲ့ပါတယ်။
မန်စီးတီးအတွက် နှစ်ဂိုးလုံးကိုတော့ တိုက်စစ်မှူးဟာလန်းကပဲ သွင်းယူပေးခဲ့တာပါ။ ပထမဂိုးက ဂိုးသမား အီဒါဆန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကနေ အစပြုခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ဟာလန်းက ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တာပါ။ ဟာလန်းကတော့ ဒီပွဲမှာ ရရှိခဲ့တဲ့ သွင်းဂိုးတွေကြောင့် မန်စီးတီးအတွက် အိမ်ကွင်း (၇) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဘရိုက်တန်ရဲ့ ကစားပုံက သိသိသာသာ ပိုကောင်းလာခဲ့ပြီး ချေပဂိုးတဂိုးလည်းရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြနေကျ ထရော့ဆက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဘရိုက်တန်တို့ ဆက်လက်တိုက်စစ်ဆင်ခဲ့ပေမယ့် မန်စီးတီးတို့ အမှားအယွင်းမရှိခဲ့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဒီဘရိုင်းက အသင်းအတွက် နောက်ထပ်သွင်းဂိုးတဂိုး ထပ်မံသွင်းယူပေးခဲ့ပြီး မန်စီးတီးတို့ ၃-၁ ဂိုးနဲ့ အနိုင်သေချာခဲ့ပါတယ်။ မန်စီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးကို အရေးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ မဖြစ်မနေ ပြန်လာနိုင်ဖို့ အရေးကြီးခဲ့ပြီး ဟာလန်း၊ ဒီဘရိုင်းတို့ရဲ့ဂိုးတွေနဲ့ အကောင်းဆုံး ပြန်လာပြနိုင်ခဲ့တာဖြစ်ပါတယ်။
တချိန်တည်း ကစားခဲ့တဲ့ အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲမှာတော့ အဲဗာတန်က ကဲလ်ဗတ်လီဝင်၊ ဂေါ်ဒွန်၊ မက်နေးလ်တို့ရဲ့ဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲက လမ်းပတ်အတွက်တော့ အသက်ရှူချောင်စရာနိုင်ပွဲတပွဲဖြစ်ခဲ့ပြီး သုံးပွဲဆက် အရှုံးကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။