ဘလွန်းဒီအော်ဆုအတွက် အလေးပေးသတ်မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

(၂၀၂၃) ခုနှစ်အတွက် ဘလွန်းဒီအော်ဆု ရေပန်းစားမှု အဆင့်သတ်မှတ်ချက်တွေမှာ မက်ဆီကသာ ထိပ်ဆုံးက ရေပန်းစားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။



ဒါပေမယ့် ပီအက်စ်ဂျီမှာတော့ မက်ဆီတစ်ယောက် အမှတ်ပေးဖလားရခဲ့သည့်တိုင် အဘက်ဘက်မှာ ရုန်းကန်ခဲ့ရပြီး အခုချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ဘဲ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်မှာ မန်စီးတီး တိုက်စစ်မှူး ဟာလန်းကတော့ အသင်းနဲ့ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၅၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါဟာ မန်စီးတီးအတွက်တော့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလား၊ သမိုင်းတစ်လျှောက် ပထမဆုံး တစ်ရာသီအတွင်း ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့မှုဖြစ်ပြီး ဟာလန်းရဲ့သွင်းဂိုးတွေကလည်း အရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း (၂၀၂၃) ခုနှစ် ဘလွန်းဒီ‌အော်ဆုအတွက် ရေပန်းစားမှုမှာတော့ ဟာလန်းတစ်ယောက် မက်ဆီကို မကျော်နိုင်သေးဘဲဖြစ်နေကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာ မက်ဆီကသာ ဒီနှစ် ဘလွန်းဒီအော်ဆုကို ထပ်မံဆွတ်ခူးနိုင်ဖို့ အခွင့်အရေးအများဆုံးဖြစ်နေပြီး ဟာလန်းက ဒုတိယနေရာမှာသာ ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း၊ ဘန်ဇီမာ၊ ဟယ်ရီကိန်းနဲ့ အမ်ဘာပေတို့ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီအလေးပေးမှုကိုတော့ Paddy Power က ဖွင့်လှစ်ခဲ့တာပါ။

ဟာလန်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခုမှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း အငြင်းပွားဖွယ်မရှိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘလွန်းဒီအော် ရေပန်းစားမှုမှာတော့ ဟာလန်းတစ်ယောက် ဘလွန်းဒီအော်ဆုကို အများဆုံးဆွတ်ခူးထားတဲ့ မက်ဆီရဲ့နောက်မှာသာ ရှိနေတာကြောင့် ပရိသတ်တွေအတွက် ပြောစရာဖြစ်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က