လာမယ့်တပတ်မှာ လီဗာပူးလ်နဲ့ကစားရမယ့် ကွန်မြူနတီဒိုင်းပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေတဲ့အချိန်မှာပဲ မန်စီးတီးကစားသမား ဖိုဒန်က အသင်းဖော်သစ်ဟာလန်းကို ချီးကျူးမှုတွေပြုလုပ်လိုက်ပါတယ်။ ဟာလန်းကတော့ ပေါင်သန်း ၅၀နဲ့ မန်စီးတီးကို ဒီနွေရာသီမှာမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ခြေစမ်းပွဲမှာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီးဖြစ်ပါတယ်။
ဟာလန်းရဲ့ လေ့ကျင့်ရေးကွင်းက ပုံစံ၊ ဘိုင်ယန်နဲ့ပွဲမှာ စောစောစီးစီးပဲ ဂိုးသွင်းနိုင်ခဲ့မှုတွေကြောင့် အသင်းဖော်တွေရဲ့ အထင်ကြီးမှုကို ရရှိနေတာလည်းဖြစ်ပါတယ်။ မိုလ်ဒီ၊ ဆဲလ်ဘာ့ဂျ်နဲ့ ဒေါ့မွန်တို့မှာလည်း ဟာလန်းက အံ့အားသင့်ဖွယ်ရာခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတဦးဖြစ်လာမယ့် အနေအထားမှာရှိနေကာ မန်စီးတီးမှာ ပိုပြီးတိုးတက်လာလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပါတယ်။
Sky Sports နဲ့ အင်တာဗျူးမှာ ဖိုဒန်က "အသင်းအတွက် အရမ်းကောင်းတဲ့ အင်အားဖြည့်တင်းမှုပါ၊ သူက ကျနော်တို့နဲ့အတူ အောင်မြင်မှုတွေရဖို့ ဆာလောင်မွတ်သိပ်နေပါပြီ၊ ဂိုးရှေ့မှာဆိုရင် ဟာလန်းက ကြောက်ဖို့ကောင်းတဲ့ ကစားသမားပါ၊ သူက ပိုပြီးတော့ လျင်မြန်ပြီး ပြီးပြည့်စုံတဲ့ မတူညီတဲ့လိဂ်တခုကို ရောက်ရှိနေလို့ အထိုင်ကျဖို့တော့ နည်းနည်းအချိန်ယူရပါလိမ့်မယ်"
"ဒါပေမယ့် သူ့ရဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားပြီဆိုရင်တော့ မရပ်တန့်နိုင်တော့တဲ့ ကစားသမားဖြစ်လာမယ်ဆိုတာ ကျနော်ကတော့ သေချာတယ်၊ မှန်ကန်တဲ့ဧရိယာတွေအတွင်း သူ့ဆီကိုသာ ဘောလုံးရအောင်လုပ်ပေးနိုင်ရင် ဒီရာသီမှာ သူက ကျနော်တို့အတွက်တကယ်အရေးကြီးတဲ့သူဖြစ်မှာပါ" လို့ ဖိုဒန်က ပြောဆိုခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက အထောင်တိုက်စစ်မှူးလုံး၀မရှိတဲ့ အခြေအနေမှာ လိဂ်ဂိုး ၉၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အမှတ်ပေးဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ဟာလန်းရောက်ရှိလာမှုက မန်စီးတီးရဲ့ ကြောက်မက်ဖွယ်ရာကစားပုံနဲ့ အင်အားအတွက် ကျားကို အတောင်ပံတပ်ပေးလိုက်တာနဲ့ အတူတူပဲလို့လည်း သတ်မှတ်ခံထားရပါတယ်။