ပရီးမီးယားလိဂ်က ပြိုင်ဘက်နည်းပြတွေဟာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ပတ်သက်လို့ သူတို့အကြား သီးသန့်တီးတိုးပြောဆိုမှုတွေရှိနေကြောင်း အမည်မဖော်လိုတဲ့နည်းပြတယောက်က ဖွင့်ဟခဲ့ပါတယ်။ ဟာလန်းဟာ လက်ရှိနွေရာသီမှ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးတယောက်လည်းဖြစ်ပါတယ်။
ဒီကစားသမားဟာ မန်စီးတီးနဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်တည်းက ဝက်စ်ဟမ်းဘက်ကို နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ဟာလန်းက ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ် (၄) ပွဲ ကစားပြီးချိန်မှာ (၆) ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။
ဟာလန်းဟာ ကြံ့ခိုင်မှုတော်တော်လေး ကောင်းမွန်တဲ့ ကစားသမားတယောက်ဖြစ်ပြီး သူ့ရဲ့အရပ်အမောင်း၊ ခွန်အားနဲ့ တိုးအားတွေက ပရီးမီးယားလိဂ်နောက်ခံလူတွေအတွက် အိပ်မက်ဆိုးတခုလိုဖြစ်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း သူ့အတွက် ဟက်ထရစ်ရစေမယ့်သွင်းဂိုးကို နောက်ခံလူနှစ်ယောက်ကြားထဲကနေ အပြိုင်ပြေးထွက်ပြီး ဘော်ဒီခု၊ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းက နည်းပြတွေဟာ ဟာလန်းကို ထိန်းချုပ်နိုင်ဖို့ ခေါင်းစားနေကြပြီး သူတို့အချင်းချင်းကြားမှာလည်း ဟာလန်းနဲ့ပတ်သက်လို့ သီးသန့်ပြောဆိုလျက်ရှိပါတယ်။ ပြိုင်ဘက်နည်းပြတယောက်ကလည်း ဟာလန်းဟာ ဂြိုဟ်သားတယောက်နဲ့ဆင်တူပြီး သူတို့မြင်ဖူးသမျှ ကစားသမားတွေထက် အရပ်ပိုရှည်၊ ပိုသန်မာ၊ ပိုလျင်မြန်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဟာလန်းကို ထိန်းချုပ်နိုင်မယ့် နည်းစနစ်တွေအတွက်လည်း အချင်းချင်း အကြံပေးဖလှယ်မှုတွေရှိနေတယ်လို့ သိရှိရပြီး လက်ရှိအနေအထားအရတော့ ဟာလန်းကိုထိန်းချုပ်နိုင်ဖို့က ခက်ခဲနေဦးမယ်လို့ သုံးသပ်ရမှာပါ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ သူ့ကစားသမားနဲ့ပတ်သက်လို့ တော်တော်လေးအားကိုးနေတာကို ပရိသတ်တွေမျက်မြင်ဖြစ်ပြီး ပြိုင်ဘက်နည်းပြတွေအနေနဲ့ ဟာလန်းကိုထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေ ရှာတွေ့နိုင်မလား စောင့်ကြည့်ရမှာပါ။