ဟာလန်းက ဒီရာသီ ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားပါ။

အင်တာမီလန်နည်းပြ အင်ဇာဂီက မန်စီးတီးနဲ့ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက် တိုက်စစ်မှူး ဟာလန်းကို ထိန်းချုပ်နိုင်ဖို့အတွက် အစီအစဥ်တွေ ချမှတ်ထားကြောင်း ပြောကြားလိုက်ပါတယ်။ ဒီနေ့ညမှာတော့ မန်စီးတီးနဲ့ အင်တာမီလန်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အစ္စတန်ဘူလ်မြို့မှာ ကစားကြမှာ ဖြစ်ပါတယ်။



ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၅၂) ဂိုး သွင်းယူပေးထားပြီး ဒီအထဲက သွင်းဂိုး (၁၂) ဂိုးက ဒီရာသီ ကစားပြီးတဲ့ ချန်ပီယံလိဂ်ပွဲစဥ် (၁၀) ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဟာလန်းက ဒီရာသီ ချန်ပီယံလိဂမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးတော့မှာ ဖြစ်ပါတါယ်။

ဒီကစားသမားကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီရာသီမှာ မန်စီးတီးနဲ့ တွေ့တဲ့ ပြိုင်ဘက်တိုင်း ဒုက္ခများခဲ့ရပြီး ဟာလန်းကို ထိန်းချုပ်နိုင်ရင်တောင်မှ နေရာလွတ်တွေကို ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့က အသုံးချနိုင်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီးရဲ့ ပွဲစဥ် (၇) ပွဲမှာ ဟာလန်းက တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့ပေမယ့် သူက ပြိုင်ဘက်တွေအတွက် အန္တရာယ်များတဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ် ရှိနေဆဲပါ။

အဲ့ဒါကြောင့်လည်း အင်ဇာဂီက “ဟာလန်းအတွက် ကျွန်တော်တို့မှာ အထူးအစီအစဥ်တွေ ရှိပါတယ်။ ဟာလန်းက ဘယ်လောက်အထိ သန်မာလဲဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ အဲ့ဒီအတွက် သူ့ကို ထိန်းချုပ်နိုင်ဖို့၊ ငြိမ်သွားဖို့ ကျွန်တော်တို့ အစီအစဥ်အချို့ ပြုလုပ်ထားပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်အနေနဲ့ အသင်းလိုက် ကစားပုံကောင်းကိုလည်း ပြသဖို့ လိုအပ်ပါတယ်”

“ခံစစ်ကို ကောင်းကောင်းကစားမယ်၊ တိုက်စစ်ကို ကောင်းကောင်းကစားရပါမယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ မှန်ကန်တဲ့ပွဲတစ်ပွဲကို ကစားရပါမယ်။ ဟာလန်းက ဘယ်လိုမျိုး ထိပ်တန်းကစားသမား၊ မန်စီးတီးက ဘယ်လောက်ကောင်းတဲ့အသင်းဆိုတာကို ကျွန်တော်တို့ အားလုံးသိပါတယ်။ ဒါပေမယ့် မန်စီးတီး ကစားသမားအားလုံးကို ကျွန်တော်တို့ သတိထားရမှာဖြစ်ပြီး ဟာလန်းအပြင် အခြားကစားသမားတွေကိုလည်း ရပ်တန့်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က