ဟာလန်းနဲ့မက်ဆီတို့ရဲ့ ကွာခြားချက်ကို ပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်းကို မက်ဆီနဲ့ နှိုင်းယှဥ်နေတဲ့အပေါ် ငြင်းဆန်ပယ်ချလိုက်ပြီး သူတို့နှစ်ယောက်ကြားမှာ ကွဲပြားခြားနားချက်တွေရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးအတွက် (၈) ပွဲကစား၊ (၁၄) ဂိုး သွင်းယူပေးထားပြီးဖြစ်ပါတယ်။



ဟာလန်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်နှစ်ယောက်ဖြစ်တဲ့ ဆာလာနဲ့ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုးအရေအတွက် (၂၃) ဂိုးကို လိုက်မှီဖို့ (၉) ဂိုးသာ လိုအပ်ပါတော့တယ်။ လက်ကျန်ပွဲအရေအတွက်ကလည်း (၃၀) အထိ ကျန်နေသေးတာကြောင့် ဟာလန်းတယောက် ဒီနှစ်ယောက်ရဲ့ ပြီးခဲ့တဲ့ရာသီသွင်းဂိုးကို ကျော်လွန်ကာ ဒီနှစ် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်မယ်လို့ အမြင်တွေရှိနေပါတယ်။

ဒါ့အပြင် ဟာလန်းကို ရော်နယ်ဒို၊ မက်ဆီတို့လို အောင်မြင်မှုတွေနဲ့ မြင်တွေ့ရနိုင်တယ်လို့လည်း ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာက “ကွဲပြားမှုတွေရှိတာပေါ့ဗျာ။ ဟာလန်းက အရာအားလုံးကို လုပ်ပြနိုင်ဖို့အတွက် သူ့အသင်းဖော်အားလုံးကို လိုအပ်နေတဲ့သူပါ။ သူ မန်စီးတီးကို ရောက်လာချိန်မှာ လုပ်ပြနေတာတွေက တကယ်ကို မယုံနိုင်ဖွယ်ရာတွေပါပဲ”

“ဒါပေမယ့် မက်ဆီကျတော့ ဒီအရာတွေအားလုံးကို သူကိုယ်တိုင် လုပ်ပြနိုင်တဲ့ အရည်အချင်းရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာမှာ မက်ဆီကို စင်တင်ပေးခဲ့တဲ့ အဓိကနည်းပြတယောက်ဖြစ်ပြီး ဒီကစားသမားအတွက် ရော်နယ်ဒင်ဟို၊ အီဘရာဟီမိုဗစ်တို့လို ကစားသမားတွေကိုပါ ရင်းနှီးပစ်ခဲ့သူတယောက်ဖြစ်ပါတယ်။

အခုချိန်မှာလည်း ဟာလန်းက ဂွါဒီယိုလာအတွက် ပွဲတိုင်းနီးပါး ဂိုးတွေ သွင်းယူပေးပြီး ခြေစွမ်းပြနေပေမယ့် ဂွါဒီယိုလာကိုယ်တိုင်က ဟာလန်းကို မက်ဆီနဲ့ နှိုင်းယှဥ်ဖို့ စောလွန်းသေးတယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် ဟာလန်းအနေနဲ့ လက်ရှိဂိုးသွင်းနှုန်းကိုသာ ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုရင် ရာသီကုန်မှာ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၆၇) ဂိုးအထိ ရှိလာနိုင်ပါတယ်။ 

Share

Loading Next Article...
က္က