မန်ချက်စတာစီးတီးအသင်းဟာ ဟာလန်းအတွက် ပေါင်သန်း ၅၀ ပဲ ပေးချေခဲ့ရမှုက မဖြစ်စလောက်ငွေကြေးသာဖြစ်တယ်လို့ ရွိုင်ကိန်းက ပြောဆိုလိုက်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်စီးတီးအတွက် အနိုင်ဂိုး ၂ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်းကို ရွိုင်ကိန်းက သဘောကျနေတာဖြစ်ပြီး သူ့အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးက အရမ်းနည်းပါးလွန်းတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဟာလန်းရဲ့ဖခင်ဖြစ်သူနဲ့ ပြိုင်ဘက်တွေအဖြစ် ကစားခဲ့ဖူးတဲ့ ရွိုင်ကိန်းက နော်ဝေသားက ဂိုးတွေကို အပျော်သွင်းနေတာဖြစ်တယ်လို့လည်း အမွှမ်းတင်ခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးနဲ့ပွဲမှာ အသင်းဖော်ဒီဘရိုင်းနဲ့ အတွဲမိမိကစားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းနောက်ခံလူနှစ်ဦးကြားက ပြေးထွက်သွားကာ ဒီဘရိုင်းဖန်တီးပေးမှုကို လှလှပပအဆုံးသတ်ခဲ့မှုက ချီးကျူးသံတွေကို ရရှိနေတာဖြစ်ပါတယ်။
ရွိုင်ကိန်းက "သူ လွဲချော်ခဲ့တဲ့ အခွင့်အရေး ၁ခု၊ ၂ ခုအတွက် စိတ်ပျက်မိတယ်ဆိုတာကိ သူ ပြောခဲ့တယ်၊ ဒါက သူ ရင့်ကျက်နေပြီဆိုတာကို ပြသတာပဲ၊ သူက ဆာလောင်မွတ်သိပ်နေတဲ့ ကစားသမးတဦးဖြစ်လို့ မန်စီးတီးက သူ့နောက်ကို လိုက်ခဲ့တာပါ၊ ဥရောပထိပ်တန်းကလပ်တွေအားလုံးလည်း သူ့နောက်လိုက်ခဲ့ပါတယ်၊ သူ့အတွက် မန်စီးတီးပေးခဲ့ရတဲ့ ပေါင်သန်း ၅၀ က မဖြစ်စလောက်လေးပါ"
"ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦး၊ အကောင်းဆုံးဖြစ်လာနိုင်မယ့်သူတဦးအတွက် သူတို့ပေးခဲ့ရတာက နည်းနည်းလေးပါ၊ ဘောလုံးမှာ အခက်ခဲဆုံးအပိုင်းက ဂိုးသွင်းတာပဲဗျ၊ သူကတော့ အဲဒါကို အပျော်သဘောနဲ့တောင် လုပ်ပြနေတယ်၊ သူ့အတွက် အရမ်းလွယ်ကူနေသလိုကို ဖြစ်နေတာ၊ သူက အလုပ်ကြိုးစားသူလည်းဖြစ်တယ်၊ အင်တာဗျူးတွေမှာလည်း နှိမ့်ချပြီး သူ ဘယ်လောက်ထိ ဆန္ဒပြင်းပြငနေတယ်ဆိုတာကို ပြောဆိုနေခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။
အာလင်းဟာလန်းကတော့ အသင်းသစ်တွေနဲ့အတူ လိဂ်ပွဲစဉ်တွေ ပထမဆုံးကစားတိုင်းမှာ ဂိုးတွေသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ အခုလည်း ဒီအစဉ်အလာကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရာသီဖွင့်ပွဲမှာပဲ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။