မနေ့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့ပြီး တိုက်စစ်မှူးဟာလန်းနဲ့ ဒါဝင်နူနက်ဇ်တို့ကြောင့်လည်း ပရိသတ်တွေ စိတ်ဝင်စားခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်က ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ရာသီကြို ဒိုင်း တခုကို ဆွတ်ခူးနိုင်ခဲ့ကာ ဒါဝင်နူနက်ဇ်က လူစားဝင်လာခဲ့ပြီးနောက် အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။
လီဗာပူးလ်အတွက် အာနိုးလ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး မန်စီးတီးအတွက် လူစားဝင်တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်က ချေပပေးခဲ့လို ၁ ဂိုးစီသရေကျနေခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးဟာလန်းတယောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး အပိုင်အခွင့်အရေးတချို့ကိုလည်း လွဲချော်ခဲ့နေခဲ့ပေမယ့် ဂွာဒီယိုလာကတော့ သူ့ကစားသမားကို ကွင်းထဲမှာ ဆက်လက်ရှိနေစေခဲ့ပါတယ်။
တဖက်မှာတော့ ကလော့ပ်က ဒါဝင်နူနက်ဇ်ကို လူစားဝင်ကစားစေခဲ့ပါတယ်။ နူနက်ဇ်ဝင်လာပြီးနောက်မှာ သူ့ရဲ့ ခေါင်းတိုက်ချက်က မန်စီးတီးနောက်ခံလူဒီယက်စ်လက်နဲ့ထိခဲ့လို့ ပင်နယ်တီရရှိခဲ့ပြီး ဆာလာက ကန်သွင်းကာ လီဗာပူးလ်ကို ဦးဆောင်စေခဲ့ပါတယ်။ အဲဒီနောက်မှာ ဒါဝင်နူနက်ဇ်ကပဲ အနိုင်သေချာစမေယ့် တတိယမြောက်ဂိုးကို အနီးကပ်ပိတ်သွင်းယူပြီး လူစားဝင်လာပြီးနောက် သွင်းဂိုး ၂ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သတ်နိုင်ခဲ့ပါတယ်။
တဖက်မှာတော့ နာကျင်အချိန်မှာ ဖိုဒန်ရဲ့ ကန်သွင်းချက်ကို လီဗာပူးလ်ဂိုးသမားပုတ်ထုတ်အပြီး ပြန်လျှံထွက်လာခဲ့တာကို ဟာလန်းတယောက် အနီးကပ်လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်ရခဲ့ရာမှာ ဂိုးဘားတန်းထိအောင် ပိတ်သွင်းယူခဲ့လို့ နစ်နာခဲ့ရပါတယ်။ အဆိုပါဂိုးရမယ်ဆိုရင် ပွဲရလဒ်ကိုပြောင်းလဲဖို့ ခက်ခဲမှာဖြစ်ပေမယ့်လည်း လက်ကျန်မိနစ်တွေမှာ ပိုပြီးစိတ်လှုပ်ရှားစရာတွေကောင်းလာခဲ့မှာပါ။
အခုတော့ ဟာလန်းတယောက် အင်္ဂလန်မြေပေါ်က ပွဲဦးထွက်ပွဲစဉ်မှာ အံ့အားသင့်ဖွယ်လွဲချော်မှုတွေနဲ့အတူ ပထမဆုံးရှုံးပွဲကိုရင်ဆိုင်လိုက်ရပါတယ်။ မနေ့က ပွဲကတော့ ပရိသတ်တွေအထင်ကြီးထားတဲ့ ဟာလန်းက တောက်လျှောက်လှောင်ပြောင်ခံနေရတဲ့ ဒါဝင်နူနက်ဇ်ဖြစ်နေခဲ့ပြီး နူနက်ဇ်ကတော့ ပရိသတ်တွေအထင်ကြီးနေတဲ့ ဟာလန်းဖြစ်သွားခဲ့ပါတော့တယ်။