အသင်းဖော်သစ်ကို ချီးကျူးနေပါပြီ။

မန်စီးတီးကွင်းလယ်လူဒီဘရိုင်းကတော့ အသင်းဖော်သစ်ဟာလန်းနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို သတိပ​ေးမှုတွေ ပြုလုပ်လိုက်ပါပြီ။ နော်ဝေတိုက်စစ်မှူးဟာ လာမယ့်ရာသီမှာ မန်စီးတီးတိုက်စစ်မှူးသစ်အဖြစ်နဲ့ ကစားပေးတော့မှာဖြစ်ပြီး သူ ရောက်ရှိလာခဲ့တဲ့နောက် မန်စီးတီးက ထိန်းမနိုင်သိမ်းမရတဲ့ အသင်းတသင်းဖြစ်လာတော့မယ်လို့ အားလုံးက ယူဆနေကြပါတယ်။ 

မန​ေ့က ကစားခဲ့တ​ဲ့ နေးရှင်းလိဂ်ပွဲမှာလည်း ဟာလန်းက နော်ဝေအတွက် တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိမယ့် ဟာလန်းကို ဒီဘရိုင်းက ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး တရာသီဂိုး အနည်းဆုံး ၂၅ ဂိုးကနေ ဂိုး ၃၀ အထိ သွင်းယူနိုင်မယ့်သူလို့ အမွှမ်းတင်ခဲ့ပါတယ်။ 

HLN သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဒီဘရိုင်းက "ဟာလန်းက ထိပ်တန်းတိုက်စစ်မှူးပါ၊ သူ့ရဲ့ အပြောင်းအရွှေ့က အသင်းကို တိုးတက်လာစေမှာပါ၊ လူတိုင်းလည်း ဒါကိုမျှော်လင့်နေပါတယ်၊ အသင်းက နံပါတ် ၉ တိုက်စစ်မှူးကို လိုက်ရှာနေခဲ့တာဖြစ်ပေမယ့် တရာသီကို ၂၅ ဂိုးကနေ ဂိုး ၃၀ အထိ သွင်းနိုင်တဲ့ ဒီလိုတိုက်စစ်မှူးကို ပိုင်ဆိုင်ထားတာကတော့ ပိုကောင်းမယ် ကျနော်ထင်တယ်"

"သူရောက်လာတာ ကျနော့်အတွက် အကူအညီလည်းဖြစ်နိုင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီတွေမှာ ကျနော် ဖန်တိးမှုတွေ အများကြီးလုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် ကျနော့်ရဲ့ ဖန်တီးမှုအခွင့်အရေးနဲ့ တခြားအရာတွေက တသမတ်တည်းဖြစ်နေခဲ့တယ်၊ နံပါတ်တွေက ဘောလုံးရဲ့တစိတ်တပိုင်းပါ၊ ဒါပေမယ့် ဒါတွေက ခင်ဗျားကို ဘယ်တော့မှ အပြည့်အစုံမပြောတတ်ဘူး" လို့ ဆိုခဲ့ပါတယ်။ 

ဒီဘရိုင်းဟာ Big Chance တွေ အများအပြားပြုလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပေးမယ့် ကစားသမားမရှိတာကြာင့် သူ့ရဲ့ဖန်တီးမှုတွေက အချည်းနှီးဖြစ်ခဲ့ရမှုတွေလည်းရှိခဲ့ပါတယ်။ ဟာလန်းရောက်ရှိလာချိန်မှာတော့ သူ့ရဲ့ဖန်တီးမှုတွေကို အဆုံးသတ်ပေးနိုင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။ 

Share

က္က