ဆောက်သမ်တန်ကို ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအတွက် ၂ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးဟာလန်းကို ဂွာဒီယိုလာက ချီးကျူးလိုက်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဒဏ်ရာက ပြန်သက်သာလာပြီး ပြန်ကစားပေးတဲ့ပွဲမှာပဲ ၂ဂိုးရခဲ့ကာ ဒုတိယဂိုးကိုတော့ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ ရယူပေးခဲ့ပြီး အားလုံးရဲ့ ချိးကျူးမှုတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက် ဂရီလစ်ရှ်နဲ့ အယ်လ်ဗာရက်ဇ်တို့က နောက်တဂိုးစီသွင်းယူပေးခဲ့ကြပြီး မန်စီးတီးဟာ အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၃၀ အထိ ရရှိသွားပြီဖြစ်ကာ ပြိုင်ပွဲစုံသွင်းဂိုးအားဖြင့် ၄၄ ဂိုးအထိ ရှိလာခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းနှုန်းကတော့ တကယ်ကို အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။
ပွဲအပြီးမှာ ဂွာဒီယိုလာက "ရော်နယ်ဒို၊ မက်ဆီတို့နဲ့အတူ မယုံနိုင်စရာကောင်းတဲ့ ဆယ်စုနှစ် ၂ ခုကို ကျနော်တို့ နေထိုင်ခဲ့ရပါတယ်၊ ဒါပေမယ့် ဟာလန်းက အခု အဲဒီ အဆင့်ကို ရောက်နေပါပြီ၊ ဒုတိယပိုင်းကတော့ တကယ်ကို အံ့အားသင့်ဖို့ကေငာ်းပါတယ်၊ လေထဲက ဘောလုံးကို ဒိလိုမျိုးကန်သွင်းဖို့ဆိုတာက မလွယ်လှပါဘူး၊ ဒီလိုပွဲမျိုးအတွက် အသင်းပိုင်ရှင်တွေက သူ့ကို ခေါ်ယူခဲ့တယ်လို့ ထင်ပါတယ်"
"ကျနော်တို့ သက်တောင့်သက်သာမရှိခဲ့သလို အကောင်းဆုံးလည်း မကစားနိုင်ခဲ့ပေမယ့် သူ ဂိုးရခဲ့ပါတယ်၊ ဒုတိယဂိုးကတော့ သူ့ရဲ့ အရပ်အမောင်းနဲ့ ဒီလိုစွမ်းရည်မျိုးရှိတယ်လို့ ထင်မိမှာမဟုတ်ပါဘူး၊ တကယ်ကို ထူးခြားကောင်းမွန်တဲ့ ဂိုးပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဟာလန်းကတော့ မန်စီးတီးကို ဒေါ့မွန်ကနေ ပေါင် ၅၁.၂ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပထမဆုံးရာသီမှာပဲ သူက လိဂ်ဂိုး ၃၀ အထိ ပြည့်ခဲ့ပြီဖြစ်ကာ ဒါဟာ ချယ်လ်ဆီးတသင်းလုံးရရှိထားတဲ့ ဂိုးအရေအတွက်ထက်ပါ ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။