မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဟာလန်းကို ခေါ်ယူနိုင်ရေးကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်အသင်းက ဘာမှထုတ်မပြောဖို့ မှာကြားထားတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ လာမယ့်နွေရာသီမှာ မန်စီးတီးကို ရောက်ရှိလာတော့မှာပါ။
ဒီကစားသမားနဲ့ မန်စီးတီးအကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပြီးဆုံးသွားခဲ့ပြီး ကစားသမားရဲ့ စာချုပ်လျော်ကြေးကို ပေးချေဖို့အတွက်လည်း နှစ်သင်းအကြား ဆွေးနွေးမှုတွေက အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ ဟာလန်းတယောက် ပရီးမီးယားလိဂ်မှာ လစာ အများဆုံး ကစားသမားဖြစ်၊ မဖြစ်ဆိုတာကပဲ ဆက်လက်စောင့်ကြည့်စရာဖြစ်နေတာပါ။
ဟာလန်းရဲ့ စာချုပ်လျော်ကြေးက ယူရို (၆၃) သန်းသာရှိပြီး ဒီကစားသမားအတွက် ဥရောပထိပ်တန်းအသင်းကြီး အများအပြားက အပြိုင်အဆိုင် ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဟာလန်းရဲ့ အေးဂျင့် ရွိုင်အိုလာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဟာလန်းရဲ့ အပြောင်းအရွှေ့ကြန့်ကြာမယ်လို့ အားလုံးက ယူဆခဲ့ပါတယ်။
ဒါပေမယ့် ဗဟိုတိုက်စစ်မှူး မဖြစ်မနေ လိုအပ်နေတဲ့ မန်စီးတီးကတော့ ဟာလန်းအတွက် ချက်ချင်းကို လှုပ်ရှားခဲ့ပြီး လျင်လျင်မြန်မြန်နဲ့ကို သဘောတူညီမှုရရှိခဲ့တာပါ။ ဒီတပတ်အတွင်းမှာတင် နှစ်သင်းလုံးက အပြောင်းအရွှေ့ကို တရားဝင် အတည်ပြု ကြေညာမှာဖြစ်ပါတယ်။
ဒီလိုမျိုး ဟာလန်းရဲ့ သတင်းတွေနဲ့ပတ်သက်လို့ ဂွါဒီယိုလာကို မေးမြန်းခဲ့ရာမှာတော့ ဂွါဒီယိုလာက “ဟာလန်းရဲ့ အခြေအနေကို လူတိုင်း သိပါတယ်ဗျာ။ ဒါပေမယ့် ဒေါ့မွန်ရော၊ မန်စီးတီးရောက ကိစ္စတွေအပြီးမသတ်ခင်အထိ ကျနော့်ကို တခွန်းတလေလေး ပြောဖို့တောင် ခွင့်မပြုထားဘူးဗျာ”
“ကျနော် စိတ်မကောင်းပါဘူး။ ဒါပေမယ့်လည်း တကယ်လည်း ကျနော် ဒီမှာ ပြောခွင့်မရှိပါဘူး။ ဟာလန်းအကြောင်း ကျနော် သိပ်ပြောချင်တာပေါ့ဗျ။ ဒါပေမယ့် ဥပဒေအရ ကိစ္စတွေ မပြီးမြောက်ခင်အထိ ကျနော့်ကို တခွန်းတောင် မဟဖို့ နှစ်သင်းလုံးက ပြောထားတယ်ဗျာ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။