မနက်ဖြန်ဆို အက်ဖ်အေဖလားဗိုလ်လုပွဲကစားရတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူ ရာဖေးလ်ဗာရန်းက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် မန်ချက်စတာစီးတီးတိုက်စစ်မှူး ဟာလန်းကို ဘာလို့ ကြောက်ရမှာလဲလို့ ပြောလိုက်ပါတယ်။ လာမယ့် စနေနေ့မှာတော့ ဒီနှစ်သင်းဟာ ဝင်ဘလေကွင်းကြီးထဲ ဗိုလ်လုပွဲကို ဆင်နွှဲရတော့မှာဖြစ်ပြီး မန်စီးတီးရဲ့ ဖလား ၃ လုံးအိပ်မက်ကို ယူနိုက်တက်တို့ ရပ်တန့်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 

ဟာလန်းကတော့ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၂ ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။ အောက်တိုဘာလအတွင်းက အီတီဟတ်မှာ ကစားခဲ့တဲ့ ပွဲမှာ မန်စီးတီးက ၆-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ဟာလန်းက ၂ ဂိုးသွင်းယူခဲ့ကာ အဆိုပါပွဲကိုတော့ ဒဏ်ရာကြောင့် ဗာရန်း လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က ၂-၁ နဲ့ ပြန်လည်အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ ဗာရန်းက ဟာလန်းကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

"ကြောက်နေတယ်၊ ဘာလို့လဲ" လို့ ဗာရန်းက သူ့ကို အင်တာဗျူးခဲ့သူကို ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ "အရေးအကြီးဆုံးက ကိုယ့်ကိုကိုယ်ယုံကြည်ဖို့ပါ၊ စိန်ခေါ်မှုက ကျနော်တို့ရှေ့မှာရှိနေပြီး ဒါကို လက်ခံရမယ်၊ အနိုင်ရဖို့ နည်းလမ်းကို ရှာရပါမယ်၊ ကျနော်တို့က အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ပါတယ်"

"ဟာလန်းက အရမ်းကောင်းတဲ့ ကစားသမားပါ၊ ဒါကို ကျနာ်တို့အားလုံး သိပါတယ်၊ ဒါပေမယ့် မန်စီးတီးက နေရာတိုင်းကနေ အန္တရာယ်ပေးနိုင်ပါတယ်၊ သူတို့က အရမ်းပြည့်စုံပါတယ်၊ ဟာလန်းက မန်စီးတီးရဲ့ အကောင်းဆုံးတွေထဲက တဦးပါ၊ ကျနော်တို့ အနိုင်ရခဲ့တဲ့ပွဲမှာဆို ပထမပိုင်းမှာ အရမ်းကောင်းခဲ့တယ်၊ ဒါကြောင့် အဲဒီစွမ်းဆောင်ရည်ကို ပြန်လုပ်နိုင်မယ်ဆိုရင် အက်ဖ်အေဖလားပွဲမှာ အနိုင်ရနိုင်ပါတယ်၊ အခွင့်အရေးတကြိမ်ရရင် ဂိုးသွင်းနိုင်ဖို့ လိုပါတယ်" လို့ ဗာရန်းက ဆိုပါတယ်။ 

" သူတို့မှာ ဆက်သွယ်မှုတခုရှိပါတယ်၊ သူတို့ရဲ့ ပေးပို့ပုံတွေက ခံစစ်ပိုင်းကို အရမ်းစိတ်ရှုပ်စေပါတယ်၊ ဒီတော့ သူတို့ရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ရမှာပါ၊ အထူးသဖြင့် ဒီဘရိုင်းပေါ့၊ သူတို့ကို ရပ်တန်ဖို့ ကျနော်တို့ ပွဲအစကတည်းက ကြိုးစားမှာပါ၊ အဲလိုမှမဟုတ်ရင် တခါတလေ အရမ်းနောက်ကျသွားတတ်ပါတယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။ 


Share

က္က