ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ရိုဒရိုင်ဂိုက သူတို့အသင်းဟာ ဟာလန်းကို ဘယ်လိုရပ်တန့်ရမလဲဆိုတာကို မသိဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒီနေ့ည ကစားရတောမ့ယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မတိုင်ခင်မှာ ပြောဆိုခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် ခြေစွမ်းပြနေတဲ့ ဟာလန်းက ရီးရဲလ်အသင်းသားတွေအတွက်တော့ ပြသနာတခုလို ဖြစ်နေခဲ့တာပါ။
အိမ်ကွင်းမှာ ရီးရဲလ်က လက်ခံကစားရမှာဖြစ်ပြီး ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ မန်စီးတီးကြောင့် ရုန်းကန်ရဖို့တော့ ရှိနေပါတယ်။ ဟာလန်းကလည်း မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅၀ ကျော်အထိ သွင်းယူပေးထားကာ ရီးရဲလ်ခံစစ်မှူးတွေကို အိပ်မက်ဆိုးတွေ မက်စေမယ့် သူလို့ ဆိုရပါလိမ့်မယ်။
ရိုဒရိုင်ဂိုက "ဟာလန်းက ဂိုးတွေအများကြီးသွင်းထားပါတယ်၊ သူ့ကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ ဘယ်သူမှမသိပါဘူး၊ သူ ကျနော်တို့ကို ဂိုးမသွင်းနိုင်လို့ မျှော်လင့်ပါတယ်၊ မန်စီးတီးက အမြဲတမ်း ကြောက်ရွံ့ဖို့ကောင်းတဲ့ အသင်းပါ၊ အသင်းကောင်းတသင်းဖြစ်ပြီး ကစားပုံလည်း အရမ်းကောင်းတယ်၊ ဒါပေမယ့် ကျနော်တို့ အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်"
"အဝတ်လဲခန်းထဲမှာ ကျနော်တို့ သူ့အကြောင်းပဲ ပြောဖြစ်နေခဲ့တာပါ၊ ဒါပေမယ့် ဘယ်လိုရပ်တန့်ကြမလဲဆိုတာတော့ မသိပါဘူး" လို့ ဆိုခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာလည်း ၈ ပွဲကစားထားပြီး ၁၂ ဂိုးအထိ သွင်းယူထားလို့ တော်တော်လေးကို ထိန်းရမယ့် တိုက်စစ်မှူးဖြစ်ပါတယ်။
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကလည်း "သူက အရမ်းအန္တရာယ်များပါတယ်၊ ဒါပေမယ့် ကျနော်တို့ ကစားသမားတဦးတည်းအကြောင်းကို ပြောလို့မရပါဘူး၊ တသင်းလုံးအကြောင်းကို ပြောရမှာပါ၊ ဟာလန်းကိုပဲ ရပ်တန်ဖို့ ကျနော်တို့ Game Plan မရှိပါဘူး၊ မန်စီးတီးတသင်းလုံးကို ရပ်တန့်ဖို့ လုပ်ရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။