ဖူလ်ဟမ်အတွက် ဒီရာသီမှာ ၅ ဂိုးအထိ သွင်းယူထားပြီးပါပြီ။

မန​ေ့ညက ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ မီထရိုဗစ်က ဖူလ်ဟမ်အတွက် တဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ အဲဒီဂိုးအပါအဝင် ဒီရာသီမှာ သူ သွင်းယူထားတာ လိဂ်ဂိုးက ၅ ဂိုးအထိ ရှိလာခဲ့ပြီး ၅ပွဲကစားခဲ့ရာမှာ သူက ၄ ပွဲအထိကိုဂိုးတွေသွင်းနိုင်ခဲ့တာပါ။  ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လီဗာပူးလ်နဲ့ ၂ဂိုးစီ သရေကျခဲ့တုန်းကလည်း သူက အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။ 

အဲဒီနောက်ကစားခဲ့တဲ့ ၀ုလ်ဗ်နဲ့ပွဲမှာ သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘရန်ဖို့ဒ်၊ အာဆင်နယ်၊ ဘရိုက်တန်တို့နဲ့ပွဲတွေမှာ တပွဲ ၁ ဂိုးနှုန်းသွင်းယူပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နေတဲ့ ဆာဘီးယားသားကတော့ တရာသီထက်တရာသီကို ပိုပြီးတော့ ခြေစွမ်းပြနေကာ လက်ရွေးစင်အသင်းအတွက်လည်း အားထားရတဲ့သူအဖြစ် ရှိနေခဲ့ပါတယ်။ 

ဆာဘီးယားတို့ ကမ္ဘ့ာ့ဖလားကို တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ရာမှာလည်း မီထရိုဗစ်က အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာလည်း ဖူလ်ဟမ်အတွက် ၄၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းတန်းပြန်တက်လာနိုင်ဖို့အတွက် သူ့ရဲ့သွင်းဂိုးတွေက အရေးပါခဲ့ကာ ဖူလ်ဟမ်တို့ စံချိန်တင်သွင်းဂိုးတွေရခဲ့တာလည်း သူ့ရဲ့ခြေစွမ်းပြမှုကြောင့်ဖြစ်ပါတယ်။ 

ဒီရာသီပရီးမီးယားလိဂ်မှာ မီထရိုဗစ်က ဟာလန်းပြီးရင် ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေကာ ၁ ဂိုးအကွာနဲ့ ဖိအားပေးနေပြီဖြစ်ပါတယ်။ ဟာလန်းက ၆ ဂိုးအထိ သွင်းယူထားပြီး မန်စီးတီးလိုအသင်းမှာ သူ လုပ်ပြနေတာက ချီးကျူးဖို့ကောင်းတာတွေ ရှိပေမယ့် ဖူလ်ဟမ်နဲ့အတူ ၅ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ မီထရိုဗစ်က ပိုပြီးတော့ ချီးကျူးချင်စရာလည်း ကောင်းနေခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ နာမည်ကျော်တိုက်စစ်မှူးတွေ အများအပြားရှိနေပြီး ရွှေဖိနပ်ဆုအတွက်ကလည်း နှစ်တိုင်းလိုလိုအကြိတ်အနယ်ဖြစ်နေခဲ့တာပါ။ ဒီနှစ်ကတော့ ဟာလန်း၊ နူနက်ဇ်တို့ရောက်ရှိလာလို့ ပိုပြီးအကြိတ်အနယ်ရှိမယ်လို့ အားလုံးက ယူဆထားကြပြီး မီထရိုဗစ်ကပါ အခုလိုခြေစွမ်းပြနေလို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။

Share

Loading Next Article...
က္က