အာဆင်နယ်နဲ့ပွဲက ဟာလန်းရဲ့ခြေစွမ်းကို ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်ကွင်းလယ်လူဟောင်းကြီး ရွိုင်ကိန်းဟာ မန်စီးတီးနဲ့ အာဆင်နယ်ပွဲအပြီးမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို လိဂ်-၂ အဆင့်ပဲရှိတဲ့ ကစားသမားလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ဂိုးမရှိသရေကျခဲ့တဲ့ အဆိုပါပွဲမှာ ဟာလန်းတစ်ယောက် အာဆင်နယ် နောက်ခံလူတွေဖြစ်တဲ့ ဂါဘရီရယ်နဲ့ ဆာလီဘာတို့ကို မကျော်လွှားနိုင်ခဲ့ပါဘူး။



အဲ့ဒါကြောင့်လည်း ရွိုင်ကိန်းက “ဂိုးပေါက်ရှေ့မှာဆိုရင်တော့ ဟာလန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါပေမယ့် သူ့ရဲ့ ယေဘုယျကစားပုံအရတော့ ဒီလို ကစားသမားမျိုးအတွက် တော်တော်လေးကို ဆိုးရွားလွန်းပါတယ်။ အာဆင်နယ်နဲ့ပွဲ တစ်ပွဲတည်းအတွက် ပြောတာ မဟုတ်ပါဘူး”​

“သူ ဒီနေရာမှာ တိုးတက်ဖို့ လိုအပ်ပါသေးတယ်။ သူက လိဂ်-၂ ကစားသမား အဆင့်လောက်သွားဖြစ်နေတာပါ။ ကျွန်တော် သူ့ကို မြင်တဲ့ပုံစံကတော့ ဒီလိုပါပဲ။ သူ့ရဲ့ ကစားပုံကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရွိုင်ကိန်းရဲ့ ဒီပြောစကားကိုတော့ အင်္ဂလန်ဂန္တဝင်ကြီး ဂယ်ရီလိုင်နီကာက ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

လိုင်နီကာက “ရွိုင်ကိန်းကတော့ သူ့ရဲ့ပုံစံအတိုင်းပါပဲ။ ဒါကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးကြီး ပြောတာကတော့ များလွန်းပါတယ်ဗျာ။ သူ့ စကားကြောင့် ကျွန်တော် ရယ်တောင် ရယ်မိပါတယ်။ သူ ဒါကို စိတ်ရင်းနဲ့ ပြောခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း လိုင်နီကာက ဟာလန်းအနေနဲ့ အသက်အရွယ် ရလာတာနဲ့အမျှ တိုးတက်လာမှာဖြစ်ကြောင်း၊ လှည့်ကွက်အချို့ကိုလည်း သင်ယူနိုင်မှာဖြစ်ကြောင်း၊ ကျွန်တော်လည်း ဒီလိုတွေ လုပ်ခဲ့ပေမယ့် ဟာလန်းလို အနေအထားမျိုးအထိတော့ မရောက်ခဲ့ကြောင်း ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က