ယူနိုက်တက်အတွက်တော့ နောင်တကြီးကြီးရစရာပါပဲ။

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားက ၂၀၁၈ တုန်းက ယူနိုက်တက်အနေနဲ့ ဟာလန်းကို ပေါင် ၄ သန်းတည်းနဲ့ ခေါ်ယူနိုင်မယ်လို့ သူ ပြောဆိုခဲ့ပေမယ့် အသင်းဘက်က နားမထောင်ခဲ့ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြအဖြစ် တာဝန်မယူခင် ၆ လအလိုမှာ ဟာလန်းအကြောင်း အသင်းဟောင်းဆီ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ နော်ဝေကလပ်မိုလ်ဒီမှာ လက်တွဲခဲ့ကြပြီး ဟာလန်းရဲ့ အလားအလာကို တွက်ဆမိခဲ့တဲ့ ဆိုးလ်ရှားက အသင်းဟောင်းကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။ ဒါပေမယ့် ဟာလန်းကတော့ ရက်ဘူးလ်ဆဲဘာ့ဂျ်နဲ့ ဒေါ့မွန်တို့ကို ပြောင်းရွှေ့ခဲ့ပြီး အခုအခါမှာ မန်ချက်စတာစီးတီးကို ရောက်ရှိနေပြီး ခြေစွမ်းပြကစားနေပြီဖြစ်ပါတယ်။ 

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာလန်းက လက်ရှိမှာ ကမ္ဘ့ာအကောင်းဆုံးတိုက်စစ်မှူးတွေထ​ဲက တဦးအဖြစ်နဲ့လည်း ရပ်တည်နေပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားက "ယူနိုက်တက်နည်းပြမဖြစ်ခင် ၆ လအလိုမှာ ကျနော် သူတို့ကို ဖုန်းခေါ်ဆိုခဲ့ပြီး ဒီတိုက်စစ်မှူးကို ခေါ်ယူနိုင်တယ်လို့ ပြောခဲ့ပေမယ့် သူတို့တွေ နားမထောင်ခဲ့ဘူး" လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

"ဟာလန်းအတွက် ပေါင် ၄ သန်းပဲ ပေးရမယ်လို့ ကျနော်ပြောခဲ့တယ်၊ ဒါပေမယ့် သူတို့တွေ စာချုပ်မချုပ်ခဲ့ဘူး" လို့ ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။ မိုလ်ဒီမှာ ဆိုးလ်ရှားတာဝန်ယူနေစဉ် ဟာလန်းက ပွဲပေါင်း ၅၀ ကစားပြီး ဂိုး ၂၀ သွင်းယူကာ ခြေစွမ်းပြခဲ့ပြီး အလားအလာကောင်းတဲ့ တိုက်စစ်မှူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ 

အခုအခါမှာတော့ သူက မန်စီးတီးအတွက် ဒီရာသီမှာ ၄၇ ပွဲကစားပေးပြီး ၅၁ ဂိုးအထိ သွင်းယူပေးထားပြီဖြစ်ပါတယ်။ ဟာလန်းတယောက် မန်စီးတီးကို ရောက်ချိန်မှာ ဆိုးလ်ရှားက မက်ဆေ့ဂျ်ပို့ ဂုဏ်ပြုခဲ့ပြီး သူ့အတွက်တော့ ဆိုးလ်ရှားက ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တဦးဖြစ်ခဲ့တယ်လို့ ဟာလန်းက ဖွင့်ဟခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က