မနေ့ညက နယူးကာဆယ်နဲ့မန်စီးတီးတို့ တဖက်သုံးဂိုးစီသရေကျခဲ့တဲ့ပွဲအပြီး ဖိုဒန်တယောက် ဟာလန်းကို လူမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကစားနေတဲ့အကြောင်းက ပရိသတ်တွေကြားထဲမှာ လူပြောများလာခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲမှာတော့ မန်စီးတီးအတွက် ဟာလန်းက တဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်နဲ့ပွဲ၊ အခု နယူးကာဆယ်နဲ့ပွဲတွေမှာ ကွင်းလယ်ကြယ်ပွင့် ဖိုဒန်က ဟာလန်းကို လူမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကစားခဲ့တဲ့အပေါ် ပရိသတ်တွေကြားထဲ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ဖိုဒန်ဟာ ဒီအခွင့်အရေးတွေမှာ တကိုယ်ကောင်းမဆန်ဘဲ ဟာလန်းကိုသာ ဘောလုံးခင်းပေးလိုက်ရင် သေချာပေါက် ဂိုးရနိုင်တဲ့ အနေအထားတွေဖြစ်ပါတယ်။
ဖိုဒန်ကတော့ တကိုယ်ကောင်းဆန်ဆန်ပဲ ပြုမူခဲ့ပြီး ဟာလန်းအတွက်လည်း ဖိုဒန်ဆီကတဆင့် အခွင့်အရေးမရ၊ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဟာလန်းဟာ ဘုန်းမောက်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ဖို့၊ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သူ့ကို ပြိုင်ဘက်ကစားသမား (၅) ယောက်လောက်က လူကပ်ထားတာကြောင့်ဖြစ်တယ်လို့ ဂွါဒီယိုလာက ကာကွယ်ပေးခဲ့ရပါတယ်။
မနေ့က နယူးကာဆယ်နဲ့ပွဲမှာ မန်စီးတီးနဲ့ ဂွန်ဒိုဂန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားချိန်မှာ ဖိုဒန်က အပိုင်အခွင့်အရေးတကြိမ်ရရှိခဲ့ပါတယ်။ ဒီအခွင့်အရေးမှာ ဟာလန်းကိုသာ ဘောလုံးခင်းပေးလိုက်ရင် သေချာပေါက် ဂိုးရနိုင်ပြီး မန်စီးတီးတို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်မှာပါ။ အဲ့ဒါဆိုရင်တော့ မန်စီးတီးတို့ အဝေးကွင်းမှာ သရေတမှတ်ရရှိအောင် အသည်းအသန်ရုန်းကန်ခဲ့ရဖို့မရှိပါဘူး။
ဒါပေမယ့် ဖိုဒန်ကတော့ ကိုယ်တိုင်ကန်သွင်းခဲ့ပြီး ပြိုင်ဘက်ဂိုးသမား နစ်ခ်ပုပ်က ဒီဘောလုံးကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဖိုဒန်ကို ဝေဖန်နေကြပြီး ဟာလန်းကိုသာ ပေးလိုက်ရင် မန်စီးတီးတို့ နယူးကာဆယ်ကို သရေကျမှာမဟုတ်ဘူးလို့ ပြောနေကြသလို ဖိုဒန်ကို လာမယ့်ပွဲတွေမှာ အရံခုံထိုင်ခိုင်းသင့်တယ်လို့လည်း ဝေဖန်နေကြပါတယ်။