အင်တာမီလန်နောက်ခံလူ ဘာစတိုနီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဟာလန်းကို ရပ်တန့်နိုင်ဖို့အတွက် ရူဒီဂါရဲ့ ဗီဒီယိုတွေကို ကြည့်ရှုထားတယ်လို့ ပြောကြားလိုက်ပါတယ်။ အင်တာမီလန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် သူတို့ထက် ကစားသမားအင်အား အပြတ်အသတ် အသာရထားတဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။
လက်ရှိအချိန်မှာ မန်စီးတီးက ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး သူတို့ရဲ့ ဖလားသုံးလုံးအိပ်မက်အတွက် ချန်ပီယံလိဂ်ဖလားတစ်လုံးတည်းသာ ကျန်တော့တာပါ။ အဲ့ဒါကြောင့်လည်း အင်တာမီလန်ကို အနိုင်ရဖို့ အားခဲထားမှာဖြစ်ပြီး ပရိသတ်တွေကလည်း မန်စီးတီးကသာ အင်တာမီလန်ကို အလွယ်တကူ အနိုင်ရသွားမယ်လို့ သုံးသပ်ထားကြပါတယ်။
ဟာလန်းကို ထိန်းချုပ်နိုင်ဖို့အတွက် အင်တာမီလန်နောက်ခံလူတွေမှာ လိုအပ်ချက်တွေရှိနေတယ်လို့ ယူဆနေကြပေမယ့် အင်တာမီလန်နောက်ခံလူ ဘာစတိုနီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဘာစတိုနီက “ကျွန်တော်တို့ မန်စီးတီးရဲ့ပွဲတွေကို အများကြီး ကြည့်ထားပါတယ်။ သူတို့ရဲ့ တန်ဖိုးနဲ့ ကျွန်တော်တို့ကို ဘယ်လို ဒုက္ခပေးနိုင်တယ်ဆိုတာကို သိထားပါတယ်။ ဒီရက်အတွင်းမှာ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာဦးမှာပါ”
“ကျွန်တော်တို့ကလည်း စီးရီးအေကိုပဲ တော်တော်လေး စဥ်းစားခဲ့ပြီးပါပြီ။ သူတို့က ချန်ပီယံလိဂ်ဖလားရဖို့အတွက် ဟာလန်းကို ခေါ်ခဲ့တာပါ။ ဒါပေမယ့် ဟာလန်းတစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော် ရူဒီဂါရဲ့ ဗီဒီယိုတွေကို ကြည့်ထားပါတယ်”
“သူ့ကို ဥပမာယူပြီး ဟာလန်းကို ထိန်းချုပ်မှာပါ။ ဒါပေမယ့် အခုက ဟာလန်းနဲ့ အင်တာမီလန်ပဲ ရင်ဆိုင်မှာ မဟုတ်ဘဲ မန်စီးတီးနဲ့ အင်တာမီလန် ရင်ဆိုင်မှာပါ။ ကျွန်တော်တို့ ပြိုင်ဘက်ကို ရပ်တန့်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရူဒီဂါက ဟာလန်းကို လှုပ်မရအောင် ထိန်းချုပ်နိုင်ခဲ့တာကြောင့်လည်း ဘာစတိုနီက ဒါကို နမူနာယူဖို့ ပြင်ဆင်နေတာဖြစ်နိုင်ပါတယ်။