မန်စီးတီးက ဟာလန်းအတွက် လာမယ့်ဆောင်းရာသီတည်းက စတင်ဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေတာပါ။

မန်စီးတီးဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူဖို့ အတွက် လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့တည်းက စတင်ကြိုးစားမယ်လို့ သိရှိရပါတယ်။



အသက် (၂၁) နှစ်အရွယ် ဟာလန်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ရဲ့ သတင်းခေါင်းကြီးပိုင်းတွေကို သိမ်းပိုက်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ရီးရဲယ်မက်ဒရစ်၊ PSG ၊ မန်စီးတီး၊ ယူနိုက်တက်တို့က ဒီကစားသမားကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလာမှာပါ။

ကစားသမားနဲ့ ဒေါ့မွန်အကြား စာချုပ်ပါလျော်ကြေးက လာမယ့်နွေရာသီမှာကျဆင်းလာမှာကြောင့်လည်း ဥရောပရဲ့ ထွန်းတောက်လာမယ့်ကြယ်ပွင့်ကို ထိပ်တန်းအသင်းကြီးတွေက အသည်းအသန် လိုချင်နေကြတာဖြစ်ပါတယ်။ ဒီလိုမျိုးအနေအထားမှာတော့ မန်စီးတီးက လက်ဦးမှုရဖို့ အချိန်စောကြိုးစားမှာဖြစ်ပြီး လာမယ့်ဇန်နဝါရီတည်းက ကစားသမားရဲ့အေးဂျင့် ရွိုင်အိုလာနဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဒေါ့မွန် အမှုဆောင်အရာရှိချုပ် ဝေါ့ဇ်ကီကတော့ ဟာလန်းကို အသင်းမှာဆက်ထိန်းထားဖို့အတွက် လစာ (၂) ဆတိုးပေးဖို့ ပြင်ဆင်နေပေမယ့် လက်တွေ့မှာတော့ လွယ်ကူနိုင်ဖွယ်မရှိပါဘူး။ မန်စီးတီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းက ထွက်ခွာသွားတဲ့ အဂွေရိုရဲ့နေရာကို အစားထိုးဖို့ စပါးတိုက်စစ်မှူး ဟာရီကိန်းကို အသည်းအသန် ပစ်မှတ်ထားခဲ့တာပါ။

ဒါပေမယ့် စပါးက ဟာရီကိန်းကို လုံးဝလက်လွှတ်မခံခဲ့တာကြောင့် မန်စီးတီးတို့ လက်ရှိဘောလုံးရာသီကို တိုက်စစ်မှူးစစ်စစ် မပါဘဲ ဖြတ်သန်းနေရပါတယ်။ ဂျေးဆုရှိပေမယ့် သူက လွတ်လွတ်လပ်လပ် ကစားတတ်သူတစ်ယောက်ဖြစ်ပြီး ဗဟိုတိုက်စစ်မှူးတစ်ယောက်ကို မန်စီးတီးတို့ အလိုရှိနေဆဲပါ။

အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ ဟာလန်းအတွက် လှုပ်ရှားလာတာဖြစ်ပြီး အသက် (၂၁) နှစ်အရွယ် ဟာလန်း ဘယ်အသင်းကို ရွေးချယ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ ဒါ့အပြင် မန်စီးတီးဟာ နာမည်ကျော်ကုမ္ပဏီပူးမားနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တာကို အသုံးချပြီးတော့လည်း ဟာလန်းကိုခေါ်ယူဖို့ ကြိုးစားနိုင်တယ်လို့ The Times က ဖော်ပြခဲ့ပါသေးတယ်။ 

Share

က္က