ဟာလန်းကိုခေါ်ယူနိုင်ခြေရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဘာစီလိုနာဘက်က တုံ့ပြန်လာခဲ့တာပါ။

ဘာစီလိုနာရဲ့ ဒုတိယဥက္ကဌ ရာဖေးလ်ယက်စတီက ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို အခြားဥရောပအသင်းကြီးတွေနဲ့ အပြိုင်ခေါ်ယူဖို့ ငွေကြေးမတတ်နိုင်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ ဒေ့ါမွန်အတွက် ဘွန်ဒက်စ်လီဂါ (၄၈) ပွဲကစား၊ (၄၇) ဂိုးသွင်းယူပေးထားပြီး လာမယ့်နွေရာသီမှာ သူ့ရဲ့စာချုပ်ပါလျော်ကြေးယူရို (၇၅) သန်းနဲ့ ယူရိုသန်း (၁၀၀) အကြား ကျဆင်းမှာပါ။



ဒီလိုအနေအထားမျိုးမှာ ရီးရဲယ်မက်ဒရစ်၊ PSG၊ ယူနိုက်တက်၊ မန်စီးတီးတို့က ဟာလန်းကို အပြိုင်အဆိုင်စိတ်ဝင်စားလာနိုင်ပေမယ့် ဘာစီလိုနာကတော့ ဟာလန်းကိုခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ ယက်စတီကဆိုခဲ့တာပါ။ ယက်စတီက “No (ကျွန်တော်တို့ ဟာလန်းကိုခေါ်ယူဖို့ ငွေကြေးမတတ်နိုင်ပါဘူး)” လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း ယက်စတီက “အသင်းဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်တို့လည်း ဒီအကြောင်းကို ပြောပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ တော်တော်လေး ဒုက္ခရောက်ခဲ့ရတာပါ။ ရှေ့ဘုတ်အဖွဲ့က လစာပေးနိုင်လား မပေးနိုင်လား မသိဘဲ ကစားသမားတွေကို ခေါ်ခဲ့ပါတယ်။ ပြီးတော့ အသင်းက အကြွေးနွံနစ်လာပါတယ်”

“လစာငွေပေးချေရမှုနှုန်းကလည်း တော်တော်လေးများပြားလာခဲ့ပါတယ်။ အခုချိန်နဲ့ လာမယ့်နှစ်အတွင်း ကျွန်တော်တို့ အခြေအနေနဲ့ ဘယ်လိုခေါ်ယူမှုတွေ ပြုလုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ပြီး လှုပ်ရှားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာရဲ့ ကစားသမားတွေကို လစာပေးချေမှုနှုန်းက လာလီဂါကလပ်တွေအကြားမှာ အမြင့်မားဆုံးဖြစ်နေပြီး ဘဏ္ဍာရေးပြဿနာကြောင့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာပါ။ ဒီနှစ်အစောပိုင်းမှာ ဟာလန်းရဲ့ဖခင် အယ်လ်ဖီဟာလန်း၊ အေးဂျင့်ရွိုင်အိုလာတို့ နူးကမ့်ကိုလာရောက်ခဲ့သေးပေမယ့် လက်ရှိအချိန်မှာတော့ အခြေအနေတွေအားလုံး ပြောင်းလဲသွားခဲ့တာပါ။

ဟာလန်းနဲ့ပတ်သက်ပြီး ယက်စတီက “ပျက်စီးနေတဲ့အိမ်တစ်လုံးကို အရင်ဆုံးခိုင်ခံ့အောင် ပြန်လုပ်ရပါလိမ့်မယ်။ အိမ်မှာရှိတဲ့လူတွေကို ကျွေးမွေးရပါဦးမယ်။ ပြီးမှ ဘာဆက်လုပ်နိုင်မလဲ ကြည့်ရအောင်။ ကျွန်တော်တို့က အကောင်းဆုံး ကစားသမားတွေကို အမြဲတမ်းလိုချင်ပါတယ်။ ဟာလန်းကလည်း ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်ပါ” လို့ ပြောကြားသွားခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က