ဟာလန်းနဲ့လူကာကူတွဲကစားဖို့အကြောင်းကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ တူချယ်လ်ကပြောကြားခဲ့တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က ဒေ့ါမွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ လူသိရှင်ကြားဖွင့်ဟဝန်ခံလိုက်ပါတယ်။



ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တည်းက ဟာလန်းကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် ဒေါ့မွန်ဘက်က လက်လွှတ်ခံဖို့ လုံးဝစိတ်ကူးမရှိခဲ့တာကြောင့် ချဲလ်ဆီးတို့ လက်လျှော့ခဲ့ရတာပါ။ အဲ့ဒီနောက် ချဲလ်ဆီးက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ချဥ်းကပ်ခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ချဲလ်ဆီးဟာ အင်တာမီလန်က သူတို့ရဲ့တိုက်စစ်မှူးဟောင်း လူကာကူကိုသာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူခဲ့တာပါ။ ဒီညမှာ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ပွဲစဥ်အဖြစ် မာလ်မိုကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ချဲလ်ဆီးနည်းပြ တူချယ်လ်က အခုလိုပဲ ဝန်ခံပြောကြားခဲ့ပါတယ်။

တူချယ်လ်က “ကျွန်တော်တို့ ဟာလန်းအကြောင်းနဲ့ပတ်သက်လို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ အပြောင်းအရွှေ့ကာလမှာလည်း ပြောတာပေါ့။ ဒါပေမယ့် အဲ့ဒီအရာတွေက လက်တွေ့မကျခဲ့ပါဘူး။ သူ့အကြောင်း ပုံမှန်ပြောလေ့ရှိတယ်။ ဒါဟုတ်တာပေါ့”

“ဘာလို့လဲဆိုတော့ သူက သိပ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး ဒေါ့မွန်အတွက် တကယ်အရေးပါတဲ့ ကစားသမားဖြစ်နေလို့ပါ။ ဒေါ့မွန်ကလည်း ကျွန်တော်တို့အတွက် ချန်ပီယံလိဂ်မှာ တကယ်ကို ကြီးမားတဲ့ပြိုင်ဘက်အသင်းတစ်သင်းပါ”


“လူကာကူရှိနေတာတောင် ဟာလန်း စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာမလား၊ ရှေ့မှာ သူတို့နှစ်ယောက်တွဲထားလို့ရမလားလို့ ခင်ဗျားမေးချင်တာလား? ကျွန်တော်တို့ အဲ့ဒီအကြောင်း ပြောဆို ဆွေးနွေးလို့ရတာပေါ့ဗျာ။ တစ်ခုရှိတာက အခုတော့ မဟုတ်သေးဘူး။ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ကြရအောင်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အတွက် (၆၉) ပွဲကစား၊ သွင်းဂိုး (၇၀) သွင်းယူထားပြီး ပြီးခဲ့တဲ့ (၂၀၂၀) ဇန်နဝါရီမှာ ဆဲလ်ဘာ့ဂ်ကနေ ပြောင်းရွှေ့ကြေးပေါင်သန်း (၂၀) ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာပါ။ ဒေါ့မွန်နဲ့ ဟာလန်းတို့အကြား စာချုပ်သက်တမ်းက (၂၀၂၄) အထိကျန်ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ ဟာလန်းရဲ့ စာချုပ်ပါလျော်ကြေးက ယူရို (၇၅) သန်းဝန်းကျင်အထိ ကျဆင်းသွားမှာဖြစ်တာကြောင့် သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေက လက်ရှိအချိန်တည်းက စိုင်းပြင်းနေပြီး ရီးရဲယ်မက်ဒရစ်၊ PSG၊ ယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီးတို့ အပြိုင်အဆိုင်ကြိုးစားဖို့ရှိနေပါတယ်။ 

Share

က္က