ဟာလန်းက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ခြေစွမ်းပျောက်ဆုံးခဲ့တာပါ။

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က မန်စီးတီးကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒီရာသီမှာ ဂိုးသွင်းခြေစွမ်းပြနေတဲ့ ဟာလန်းကို ဘယ်လိုမျိုး ရပ်တန့်ခဲ့တယ်ဆိုတဲ့အကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီပွဲမှာ ဟာလန်းက ဂိုးလည်း မသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ဘဲ ခြေစွမ်းပျောက်ဆုံးခဲ့ရတာပါ။



ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်းကို ဂိုးမသွင်း၊ ဂိုးဖန်တီးမှုမပြုလုပ်နိုင်အောင် ပြုလုပ်နိုင်ခဲ့တဲ့ တသင်းတည်းသော အသင်းက ဘရန့်ဖို့ဒ်မတိုင်ခင် လီဗာပူးပဲရှိခဲ့တာပါ။ ဟာလန်းဟာ ဘုန်းမောက်ကို နိုင်ခဲ့တဲ့ပွဲမှာလည်း ဂိုးမသွင်းနိုင်ခဲ့သည့်တိုင် အသင်းဖော် ဂွန်ဒိုဂန်ရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

မန်စီးတီးကို အိတီဟတ်မှာ အနိုင်ယူခဲ့တဲ့နောက် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က “ဟာလန်းကို ကောင်းကောင်းထိန်းချုပ် ကစားနိုင်ဖို့ ကျနော့်ကစားသမားတွေကို တကယ်မျှော်လင့်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဟာလန်းကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီဆိုရင် ကြီးမားတဲ့နိုင်ပွဲဖြစ်ဖို့ပဲ ကျနော်တို့အတွက် ကျန်တော့လို့ပါ။ ကျနော်တို့မှာ ဒီအတွက် ပွဲကြိုပြင်ဆင်ခဲ့ပါတယ်”

“ဒါကလည်း လုံးဝကို အောင်မြင်ခဲ့တာပါ။ ဒီဘရိုင်းဆီက ဘောလုံးထွက်မလာအောင် ကျနော်တို့ ပိတ်ဆို့ဖို့ ကြိုးစားရမှာကို သဘောပေါက်ခဲ့ပြီး ဒီနေ့ပွဲမှာလည်း သူ့ဆီကနေ အန္တရာယ်များတဲ့နေရာကို ဘောလုံးမထွက်လာသလောက် ဖြစ်ခဲ့ပါတယ်။ ဟာလန်းကိုလည်း ပင်နယ်တီဧရိယာထဲမှာ ကျနော်တို့ ဂရုစိုက် ထိန်းချုပ်ခဲ့ပါတယ်”

“တခါပဲ သူ ဘန်မီးမ်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ တသင်းလုံးက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အထူးသဖြင့် ဗဟိုနောက်ခံလူ သုံးယောက်က တကယ် ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့အသင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကို အထင်ကြီးစရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘရန့်ဖို့ဒ်အတွက် အနိုင်ဂိုးကို တိုနေးက ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၇) မိနစ်မှာ ဒီပွဲအတွက် သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးအဖြစ် သွင်းယူပေးခဲ့ပြီး မန်စီးတီးအတွက် ချေပဂိုးတဂိုးကိုတော့ ဖိုဒန်က သွင်းယူပေးသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က