တော့တင်ဟမ်ဟော့စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဟာရီ ကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲရစ် တန်ဟက်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ယခုနွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတယ်လို့ ယူဆရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သက်တမ်း ၁၅ လသာ ကျန်ရှိတော့တဲ့ ဟာရီ ကိန်းကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ယုံကြည်ရပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့ စာချုပ်သက်တမ်းက အနည်းငယ်သာ ကျန်ရှိတော့ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးအတွက် ပေါင်သန်း ၁၀၀ ကျော် တောင်းဆိုနေတယ်လို့ Football Insider က ဖော်ပြခဲ့ပါတယ်။ အန်တိုနီယို ကွန်တီရဲ့အသင်းဟာ ဟာရီ ကိန်းအတွက် ၎င်းတို့ တောင်းဆိုထားတဲ့ ပမာဏထက် နည်းပါးတဲ့ ကမ်းလှမ်းမှုကို နားထောင်ဖို့ ငြင်းပယ်သွားမှာ ဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဟာရီ ကိန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးက အာလင်း ဟာလန်းကို မခေါ်ယူမီမှာ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပြီး ဂယ်ရီ နဗီးက နော်ဝေတိုက်စစ်မှူးကို ခေါ်ယူလိုက်မှုက အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့အပြောင်းအရွှေ့ကို အလိုအလျောက်ငြင်းပယ်ပြီးသားဖြစ်သွားခဲ့တာကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အဖြစ်နိုင်ဆုံးဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ "သူက အရမ်းတော်တဲ့ပရော်ဖက်ရှင်နယ်ဖြစ်ပြီး ဟာရီ ကိန်းသာ အခု အသင်းကို စွန့်ခွာရင် မန်ချက်စတာမှာ သူ့ကို ခေါ်မယ့်အသင်းရှိနေပါတယ်။ မန်ယူနိုက်တက် ဒါမှမဟုတ် စီးတီးတို့ ဖြစ်နိုင်တယ်။ သူက အဲဒီ အခွင့်အရေးကို ယူလိမ့်မယ်လို့ ထင်တယ်"
"အခုတော့ စီးတီးမဖြစ်နိုင်ဖို့က ပိုများသွားပြီ။ ဘာလို့လဲဆိုတော့ ဟာလန်းရောက်နေပြီဖြစ်ပြီး သူနဲ့အတူ သူတို့ လုပ်ခဲ့တဲ့အရာတွေကြောင့်ပါ။ မန်ချက်စတာယူနိုက်တက်က အထောင်တိုက်စစ်မှူး အရမ်းလိုချင်နေတယ်။ စပါးစ်ပရိသတ်တွေကတော့ ကျွန်တော့်ကို ဒေါသထွက်ပါလိမ့်မယ်။ သူတို့တွေက ကျွန်တော့်ကို တီဗီထဲကနေ သူတို့ကစားသမားကို မန်ယူနိုက်တက် ပြောင်းရွှေ့အောင် ကြိုးပမ်းနေတယ်လို့ ပြောပါလိမ့်မယ်။ အဲဒါမဟုတ်ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော် အဲဒီလို လုပ်နေတဲ့ပုံပေါ်ပေမယ့် အချိန်ကျလာရင်လည်း အဲဒါက အဖြစ်နိုင်ဆုံးအပြောင်းအရွှေ့ဖြစ်လာပါလိမ့်မယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။