သူနဲ့အနီးဆုံး ပြိုင်ဘက်တွေကိုလည်း မက်ဆီက ချီးကျူးခဲ့ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ ဘလွန်းဒီအော်ဆုကို (၈) ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဟာလန်း၊ အမ်ဘာပေတို့ကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်နှစ်တွေမှာ သူတို့နှစ်ယောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။



ဒီနှစ် ထိပ်တန်း (၃) ယောက်စာရင်းမှာ မက်ဆီနဲ့အတူ အဆိုပါ လူငယ်ကြယ်ပွင့်နှစ်ယောက် ပါဝင်ခဲ့ပါတယ်။ ဟာလန်းကလည်း ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအတွက် သွင်းဂိုး (၅၂)​ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မက်ဆီနဲ့ အပြိုင် (၂၀၂၃) ခုနှစ် ဘလွန်းဒီအော်ဆုအတွက် ရေပန်းစားခဲ့သေးတာပါ။ ဒါပေမယ့်လည်း အာဂျင်တီးနားနဲ့အတူ (၂၀၂၂) ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးထားတဲ့ မက်ဆီကသာ မနေ့ညက ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မက်ဆီက “ဒီဘလွန်းဒီအော်ဆုက အာဂျင်တီးနားတစ်နိုင်ငံလုံးအတွက် လက်ဆောင်ပါ။ ဒါပေမယ့် ကျွန်တော် ဟာလန်း၊ အမ်ဘာပေတို့ကိုလည်း မမေ့ထားချင်ပါဘူး။ သူတို့နှစ်ယောက်စလုံးက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး လာမယ့်နှစ်တွေမှာ ဒီဆုကို သူတို့ ဆွတ်ခူးနိုင်ကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းကတော့ အကောင်းဆုံး တိုက်စစ်မှူးဆုကို ဆွတ်ခူးရရှိခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားဆုကိုတော့ အာဂျင်တီးနားအတွက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်က ဆွတ်ခူးသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က