လီဆန်ဒရိုက ဟာလန်းနဲ့နူနက်ဇ်တို့ကို အကောင်းဆုံး ရင်ဆိုင်ခဲ့ဖူးတာပါ။

ယူနိုက်တက်ဟာ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ရိုမာနိုက အတည်ပြုခဲ့ပါတယ်။ ဒီဗဟိုနောက်ခံလူအတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရို (၅၅) သန်း ပေးချေရမှာဖြစ်ပြီး ကစားသမားနဲ့လည်း (၂၀၂၇) ဇွန်အထိ စာချုပ်ချုပ်ဆိုသွားမှာပါ။



လီဆန်ဒရိုဟာ ယူနိုက်တက်နဲ့ ဆေးစစ်မှုခံယူ၊ တရားဝင်စာချုပ်ချုပ်ဆိုပြီးနောက် သြစတြေးလျကိုရောက်ရှိနေတဲ့ အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းသွားမှာဖြစ်ပါတယ်။ အရပ် (၅) ပေ၊ (၉) လက်မသာ ရှိတဲ့ ဒီဗဟိုနောက်ခံလူရဲ့ ကြံ့ခိုင်မှုအပေါ်မှာတော့ ပရိသတ်အချို့က စိုးရိမ်နေပါတယ်။ ပရီးမီးယားလိဂ်ဟာ ကြံ့ခိုင်မှုပိုင်းအရ တောင်းဆိုမှုမြင့်မားတဲ့လိဂ်တခုဖြစ်ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေကို ထိန်းချုပ်တဲ့နေရာမှာ လီဆန်ဒရိုတယောက် အခက်တွေ့မှာကို ပရိသတ်တွေက စိုးရိမ်နေတာပါ။

ဒါပေမယ့်လည်း လီဆန်ဒရိုက ဒီနွေရာသီမှ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ မန်စီးတီးတိုက်စစ်မှူးသစ် ဟာလန်း၊ လီဗာပူးတိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်တို့ကို ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အကောင်းဆုံး ထိန်းချုပ်ပြခဲ့ပါသေးတယ်။ လီဆန်ဒရိုရဲ့အေဂျက်စ်ဟာ ဟာလန်းရဲ့အသင်းဟောင်း ဒေါ့မွန်၊ ဒါဝင်နူနက်ဇ်ရဲ့အသင်းဟောင်း ဘင်ဖီကာတို့နဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။



(၂၀၂၁)၊ အောက်တိုဘာ (၁၉) မှာ ကစားခဲ့တဲ့ အေဂျက်စ်နဲ့ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဥ်မှာ အေဂျက်စ်က ဒေါ့မွန်ကို လေးဂိုးပြတ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ လီဆန်ဒရိုက ဟာလန်းရဲ့ထိုးဖောက်မှု၊ တဦးချင်းဘောလုံးယှဥ်လုမှုတို့မှာ ကောင်းကောင်းကြီး အသာစီးရရှိခဲ့ပါတယ်။



ဘယ်သန်ကစားသမားတယောက်ဖြစ်တဲ့ လီဆန်ဒရိုဟာ လက်ရှိလီဗာပူးကို ရောက်ရှိနေတဲ့ ဒါဝင်နူနက်ဇ်နဲ့လည်း ဒီနှစ် ဖေဖော်ဝါရီမှာ ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်တုန်းကလည်း လီဆန်ဒရိုဟာ ဒါဝင်နူနက်ဇ်ကို ကောင်းကောင်းကြီး စိတ်ပျက်စေခဲ့ပြီး ဒါဝင်နူနက်ဇ်ရဲ့ပြေးအားရုန်းအားတွေက လီဆန်ဒရိုနဲ့အတွေ့မှာ အလုပ်မဖြစ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက လီဆန်ဒရိုနဲ့ပတ်သက်လို့ အကြီးအကျယ် မျှော်လင့်နေကြပြီး ယူနိုက်တက်ခံစစ်အတွက် အကောင်းဆုံး အင်အားဖြည့်တင်းမှုဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။ 

Share

Loading Next Article...
က္က