ဟာလန်းနဲ့နူနက်ဇ်တို့ကို မန်စီးတီးနဲ့လီဗာပူးတို့က ခေါ်ယူခဲ့တာပါ။

အင်္ဂလန်နဲ့စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ကို ဟာလန်းနဲ့ဒါဝင်နူနက်ဇ်တို့ ရောက်ရှိလာတဲ့ အပေါ် ကြိုဆိုလိုက်ပြီး သူ့အတွက်အကျိုးရှိကြောင်း၊ လာမယ့်ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။



မန်စီးတီးဟာ ဟာလန်းကိုခေါ်ယူနိုင်ပြီဖြစ်ကြောင်း မနေ့က တရားဝင်ကြေညာခဲ့ပြီး နူနက်ဇ်နဲ့လီဗာပူးတို့ကလည်း ဆေးစစ်၊ စာချုပ်ချုပ်ဖို့သာ ကျန်တော့တာပါ။ ဒီကစားသမားနှစ်ယောက်လုံးက ဗဟိုတိုက်စစ်မှူးတွေလို့ဆိုနိုင်ပြီး မန်စီးတီးနဲ့လီဗာပူးတို့အတွက်ရော၊ ပရီးမီးယားလိဂ်ပရိသတ်တွေအတွက်ပါ မျှော်လင့်ချက်တွေ အများကြီးထားနေရတဲ့ အားဖြည့်မှုတွေဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုး ဟာလန်းနဲ့နူနက်ဇ်တို့လို အရည်အသွေးရှိတိုက်စစ်မှူးတွေ ပရီးမီးယားလိဂ်ကိုရောက်ရှိလာတဲ့အပေါ် ဟယ်ရီကိန်းကလည်း အခုလိုမျိုး ဖွင့်ဟပြောကြားလာပါတယ်။ ဟယ်ရီကိန်းက “ရွှေဖိနပ်ဆုနဲ့ပတ်သက်လာရင် တိုက်ပွဲက အမြဲတမ်း ခက်ခဲကြမ်းတမ်းပါတယ်။ ပရီးမီးယားလိဂ်က အချို့ထိပ်တန်းတိုက်စစ်မှူးတွေကို မွေးထုတ်ပေးနေတာ နှစ်အတော်ကြာပါပြီ။ ရာသီတိုင်းမှာလည်း ကျနော်က ရွှေဖိနပ်ဆုအတွက် ခက်ခဲတဲ့တိုက်ပွဲတွေကို ရင်ဆိုင်နေရတာပါ”

“ခင်ဗျားအနေနဲ့လည်း ထိပ်တန်းတိုက်စစ်မှူးတွေ ပရီးမီးယားလိဂ်မှာ လာကစားချင်တာကို မျှော်လင့်ထားမှာပါ။ အခု ဟာလန်းနဲ့နူနက်ဇ်တို့ရောက်လာတာက ဒီလိုပါပဲ။ ဒါက ကျနော့်ကို ကစားသမားတယောက်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ပြိုင်ပွဲတပွဲဖြစ်စေခဲ့ပါတယ်။ ကျနော့်ကို ပိုမိုတိုးတက်အောင်၊ ပိုမိုကောင်းမွန်အောင် မောင်းနှင်ပေးနိုင်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက်လည်း အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အတွက် ပွဲပေါင်း (၈၉) ပွဲကစား၊ (၈၆) ဂိုးသွင်းယူနိုင်ခဲ့ပြီး နူနက်ဇ်ကလည်း ဘင်ဖီကာအတွက် (၄၁) ပွဲကစား၊ (၃၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းကလည်း ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းဘုရင်ဆုကို (၃) ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်တဲ့ ကစားသမားတယောက်ဖြစ်ပြီး လာမယ့်ရာသီ ဂိုးသွင်းဘုရင်ဆု (ရွှေဖိနပ်ဆု) တိုက်ပွဲက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

Share

က္က