ဟာလန်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့တဲ့ ဇလာတန်ကို ဂွာဒီယိုလာက ပြန်လည်တုံ့ပြန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဇလာတန်က ဟာလန်းရဲ့ တိုးတက်မှုက ဂွာဒီယိုလာရဲ့ အတ္တအပေါ်မှာပဲ မူတည်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဇလာတန်နဲ့ ဂွာဒီယိုလာတို့ဟာ ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးပြီး သူတို့နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ကြဖူးပါတယ်။
ဇလာတန်က "ဟာလန်း ဘယ်လောက်ထိ တိုးတက်လာအောင် လုပ်ပေးနိုင်မလဲဆိုရင် အဲဒါက ဂွာဒီယိုလာရဲ့ အတ္တအပေါ်ပဲ မူတည်တယ်၊ ဟာလန်းကို အခုထက်ပိုပြီးတော့ ကြီးကျယ်ခမ်းနားခွင့်ပေးမလား၊ မပေးဘူးလားဆိုတာပါပဲ" လို့ ပြောဆိုခဲ့တာပါ။ ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး ဂွာဒီယိုလာကို ဒီနေ့ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲသတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာမှာတော့ အခုလိုမျိုး တုံ့ပြန်ခဲ့ပါတယ်။
"သူပြောတာမှန်ပါတယ်၊ လုံး၀မှန်ပါတယ်၊ ဒီအသင်းမှာ၊ ဒီကလပ်မှာ၊ ကျနော့်ရဲ့ အတ္တက အခြားလူတိုင်း၊ ကစားသမားတိုင်းထက် သာလွန်ပါတယ်၊ ဟာလန်း ၃ ဂိုးသွင်းတာ၊ အားလုံးက သူ့အကြောင်းကိုပဲ ပြောနေတာကို ကျနော်မနှစ်သက်ပါဘူး၊ ရိုးရိုးသားသားပြောရရင် ကျနော် မနာလိုဖြစ်မိပါတယ်"
"ဟာလန်းကို ကျနော်ပြောမယ်၊ ကျေးဇူးပြုပြီး ဂိုးတွေမသွင်းပါနဲ့၊ မဟုတ်ရင် သတင်းစာတွေက ငါ့အကြောင်းပြောတော့မှာမဟုတ်ဘူး၊ ငါ့အကြောင်းပဲ ပြောနေမှာမဟုတ်တော့ဘူး၊ ကျနော့်အကြောင်းကို ဇလာတန်အီဘရာဟီမိုဗစ်ချ်က ကောင်းကောင်းသိပါတယ်၊ ဒီတော့ သူ နောက်ထပ်စာအုပ်တအုပ် ထပ်ရေးနိုင်တာပေါ့" လို့ ပြောဆိုခဲ့တာပါ။
ဇလာတန်နဲ့ ဂွာဒီယိုလာတို့ဟာ ဘာစီလိုနာမှာ အတူလက်တွဲခဲ့ချိန်မှာ အဆင်မပြေမှုတွေရှိခဲ့ကာ အဝတ်လဲခန်းထဲမှာ ဂွာဒီယိုလာက သူ့ရန်သူလို့ ဇလာတန်က ပြောခဲ့ဖူးပါတယ်။ သူ့ကို အခွင့်အရေးမပေးခဲ့ဘဲ မက်ဆီကိုသာ ဦးစားပေးခဲ့တာတွေကိုလည်း ဇလာတန်က ထုတ်ဖော်ပြောဆိုဖူးပါတယ်။