ရီးရဲလ်အကြောင်း မေးမြန်းခဲ့တယ်လို့ ဝန်ခံလိုက်တာပါ။

ဒေါ့မွန်တိုက်စစ်မှူးဟာလန်းက သူ့ကို ရီးရဲလ်မက်ဒရစ်အကြောင်းတွေ မေးမြန်းခဲ့တယ်လို့ အာဆင်နယ်ကွင်းလယ်လူမာတင်အိုဒီဂတ်က ပြောဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ နော်ဝေလက်ရွေးစင်အသင်းမှာ အသင်းဖော်တွေဖြစ်ပြီး အိုဒီဂတ်က ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဖြစ်ကာ လက်ရှိမှာ ဟာလန်းကို ရီးရဲလ်က စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ 

လာမယ့်နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာဖွယ်ရာရှိနေတဲ့ ဟာလန်းကို ကလပ်အသင်းကြီးအများအပြားက စိတ်ဝင်စားနေပြီး မန်စီးတီးက ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေကာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ အစဉ်လိုက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အိုဒီဂတ်ကတော့ သူ့အသင်းဖော်ဟာ ဘာနေဗျူးကလပ်အကြောင်းကို မေးမြန်းခဲ့တယ်လို့ အတည်ပြုပြောဆိုခဲ့တာက မန်စီးတီးအတွက် ထိတ်လန့်စရာဖြစ်လာခဲ့ပါတယ်။ 

"ကျနော်တို့က သူငယ်ချင်းတွေပါ၊ ဒီတော့ စကားတွေအများကြီးပြောဖြစ်ကြတယ်၊ ကျနော် ရီးရဲလ်မက်ဒရစ်မှာ ရှိတုန်းက အကြောင်းတွေပေါ့၊ ဟုတ်ပါတယ်၊ ရီးရဲလ်မက်ဒရစ်အကြောင်းပြောဖြစ်တယ်၊ ဒါပေမယ့် ထူးထူးခြားခြားတော့ဘာမှမရှိပါဘူး" လို့ အိုဒီဂတ် သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာအတွက် ခြေစွမ်းပြကစားနေတဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့် ပီဒရီကတော့ ဟာလန်းကို နူးကမ့်ဆီရောက်လာဖို့ မျှော်လင့်နေပါတယ်။ ဟာလန်းရဲ့ ခြေစွမ်းအပေါ် ပီဒရီက အထင်ကြီးနေပြီး နူးကမ့်မှာ အသင်းဖော်တွေအဖြစ်နဲ့ ပူးပေါင်းကစားချင်တယ်လို့လည်း ဝန်ခံခဲ့တာဖြစ်ပါတယ်။ 

"သူ့မှာ ထူးခြားတဲ့အရည်အသွေးတွေအများကြီးပါ၊ သူ့ရဲ့ထိချက်မှန်သမျှက တခုခုဖြစ်လာတော့မယ့်အတိုင်းပဲ။ ဘာစီလိုနာအတွက် အကောင်းဆုံးတွေပဲ ကျနော်ကဖြစ်စေချင်တဲ့သူမို့ သူ ရောက်လာဖို့ကို မျှော်လင့်မိပါတယ်" လို့ ပီဒရီက ပြောဆိုခဲ့ပါတယ်။ 


Share

Loading Next Article...
က္က