မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆဲလ်ဘာ့ဂျ်က လူငယ်တိုက်စစ်မှူးဆက်စ်ကိုအတွက် ဆက်သွယ်မှုတွေပြုလုပ်လိုက်ပြီလို့ သိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ စလိုဗေးနီးယားလူငယ်တိုက်စစ်မှူးအတွက် အင်္ဂလန်ကလပ်က ဆွေးနွေးမှုတွေပြုလုပ်ထားပြီး ဩစတြီးယားကလပ်ဘက်ကတော့ ဆက်စ်ကိုကို ရောင်းချလိုခြင်းမရှိလို့ ခေါ်ယူနိုင်ဖို့ရာတော့ လွယ်ကူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
လီဗာပူးလ်နဲ့ခြေစမ်းပွဲမှာ ဆဲလ်ဘာ့ဂျ်အတွက် အနိုင်ဂိုးကို လှလှပပသွင်းယူပေးခဲ့တဲ့ ဆက်စ်ကို,ကို ယူနိုက်တက်ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒီကစားသမားဟာ ဆဲလ်ဘာ့ဂျ်အတွက် ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြခဲ့ပြီး ဒီရာသီမှာလည်း ၂ပွဲကစားအပြီး ၂ ဂိုးသွင်းယူထားကာ အသင်းဖော်တွေက ဟာလန်းထက်ပိုကောင်းတဲ့ ကစားသမားလို့ ချီးကျူးထားကြပါတယ်။
ကာဗာနီထွက်ခွာသွားပြီး ရော်နယ်ဒိုရဲ့ အနာဂတ်ကလည်း မသေမချာဖြစ်နေချိန်မှာ နည်းပြတန်ဟက်ဂျ်ကတော့ တိုက်စစ်မှူးတဦးကို ထပ်မံအလိုရှိနေတာဖြစ်ပါတယ်။ အရပ် ၆ ပေနဲ့ ၄ လက်မရှိကာ မြန်ဆန်သွက်လက်ပြီး ကြံ့ခိုင်မှုပိုင်းကောင်းမွန်တာ၊ တန်ဟက်ဂျ်ရဲ့ Pressing တွေမှာ ကောင်းကောင်းကစားနိုင်မယ်လို့ ယုံကြည်ရပြီး ဧရိယာထဲမှာ အဆုံးသတ်နိုင်တဲ့ ဗီဇမျိုးရှိတယ်လို့လည်း ဆက်စ်ကိုအပေါ် သုံးသပ်ထားကြပါတယ်။
ဆက်စ်ကိုရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားက ဟာလန်းနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံခြင်းတူညီပေမယ့် ကွဲပြားတဲ့ကစားသမားလို့ဆိုကာ အသင်းလိုက်ပိုကစားတတ်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာတော့ ယူနိုက်တက်က စိတ်ဝင်စားတယ်လို့ သတင်းထွက်လာချိန်မှာ ဆဲလ်ဘာ့ဂျ်က ယူရိုသန်း ၃၀၀နဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပေးရမယ်လို့ နောက်ပြောင်တောင်းဆိုခဲ့ပါတယ်။
ဆက်စ်ကိုဟာ ဆဲလ်ဘာ့ဂျ်အတွက် မကစားပေးရင်ခင် ဩစတြီးယားလိဂ်-၂ ကလပ်လီဖာရင်းမှာ သွားကစားခဲ့ပြီး ၂ရာသီအတွင်း ဂိုးပေါင်း ၃၀ ကျော်အထိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရွေးစင်အသင်းကြီးအတွက်တော့ ပြီးခဲ့တဲ့နှစ် မေလအတွင်းမှာ ခေါ်ယူခံခဲ့ရပြီး လက်ရှိမှာ ၁၃ ပွဲကစားကာ ၂ ဂိုးသွင်းယူပေးထားပါတယ်။